လက်ဖက်ရည်ဆိုင်ရုပ်ရှင်ရုံ
ဧပြီ ၁၈၊ ၂၀၂၃။
ကျွန်တော်ငယ်ငယ်တုန်းက ကျွန်တော်တို့လမ်းထိပ်မှာ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရှိခဲ့ဖူးတယ်။ ရပ်ကွက်ထဲကလူတွေရော၊ လမ်းထဲကိုဖြတ်သွားဖြတ်လာလုပ်ကြတဲ့ အလုပ်သမားတွေ၊ အရပ်သားတွေ၊ စျေးဝယ်တွေလည်း အဝင်အထွက်စိပ်တဲ့ သာမန်လက်ဖက်ရည်ဆိုင်လေးတစ်ဆိုင်ပါပဲ။
ဒီလမ်းထဲမှာတစ်ဆိုင်ပဲရှိတဲ့လက်ဖက်ရည်ဆိုင်လေးတစ်ဆိုင်က လူဝင်လူထွက်မကြဲတဲ့ဆိုင်လေးဆိုပေမယ့် ထူးထူးခြားခြား အဲဒီဆိုင်လေးက နေ့ခင်းနေ့လည် ၁၂ နာရီကနေ ၂နာရီခွဲ၊ ၃နာရီလောက်ဆိုရင် ပုံမှန်ထက်လူပိုပြီးကျတယ်၊ ဝိုင်းတွေလည်းပြည့်ပြီး ဆိုင်အပြင်မှာပါခုံအပိုတွေချထားပေးရတဲ့အထိ လူပိုစည်တယ်။ ရပ်ကွက်ထဲက ဆိုက္ကားဆရာတွေ၊ အလုပ်သမားတွေအကုန်နီးပါး ဒီဆိုင်လေးထဲမှာရောက်လာကြပြီးထိုင်ကြတယ်။
ဆိုင်လေးကနှစ်ထပ်ရှိတယ်။ အပေါ်ထပ်မှာက လူနေအခန်း၊ အောက်ထပ်မှာလက်ဖက်ရည်ဆိုင်ထည့်ထားပြီး အနောက်မှာ လက်ဖက်ရည်ဖျော်၊ မုန့်ကြော်ဘာညာထားတယ်၊ အရှေ့မှာနံပြားဖိုနဲ့ အီကြာကွေးစမူဆာကြော်ဖို့ဒယ်နဲ့စားပွဲရှိတယ်။ ဆိုင်ရဲ့ အလယ်ချက်နေရာမှာ ၂၁ လက်မ တီဗွီတစ်လုံးနဲ့အောက်စက် (DVD Player) တစ်လုံးကို သစ်သားစင်လေးနဲ့အကျအနပြင်ဆင်ထားတယ်။
ဟိုတုန်းက ကာလတွေက လျှပ်စစ်မီးလဲလုံးဝမရတဲ့အချိန်ဖြစ်နေတဲ့အပြင် နည်းပညာလဲမတိုးတက်သေးတဲ့ကာလတွေဆိုတော့ အခုခေတ်လို ရုပ်ရှင်တစ်ကားကြည့်ဖို့ download ဆွဲစရာ အင်တာနက်မရှိခဲ့ဘူး၊ smart phone လဲ မရှိခဲ့ဘူး၊ ခလုတ်ဖုန်းတွေတောင်စျေးကြီးနေတဲ့ကာလမှာ TV နဲ့ DVD စက် ဝယ်ဖို့ဆိုတာကလဲမဖြစ်နိုင်၊ ဒါတွေရှိနေရင်တောင်မှ မီးမရှိ၊ မီးစက်လဲဝယ်ဖို့အဆင်မပြေ။ အဲလိုကာလမှာ ဒီလက်ဖက်ရည်ဆိုင်လေးက နေ့ခင်းမှာ မီးစက်မောင်းပြီး TV ကနေ ရုပ်ရှင်တွေကိုပြပေးတာပါပဲ။ ဆိုင်ကတော့ သူ့အတွက်ဒါကစျေးကွက်စီးပွားရေးဆိုပေမယ့် အများအတွက်ကတော့ တနေကုန်အလုပ်ပင်ပန်းသမျှ နေ့ခင်းနေ့လည် ခဏတစ်ဖြုတ်နားချိန်မှာ အပန်းဖြေစရာတစ်ခုဖြစ်သွားတာပါပဲ။
ကျွန်တော်ငယ်ငယ်ကတော့ အိမ်ကလက်ဖက်ရည်ဝယ်ခိုင်းတဲ့အခါပဲဖြစ်စေ၊ အိမ်ကလူတွေနဲ့အဲဆိုင်ကိုသွားတဲ့အခါမှာပဲဖြစ်စေ၊ ဆိုင်မှာပြတဲ့ရုပ်ရှင်ပြီးမှပဲပြန်တတ်လေ့ရှိတယ်။ အမြဲလိုလို ဆိုင်မှာရုပ်ရှင်ပြမယ့်အချိန်ကိုမှန်းပြီး ခုံသွားဦးလေ့ရှိတယ်။ တစ်ခါတလေနောက်ကျပြီးမှရောက်သွားရင်တော့ နေရာလွတ်တဲ့ဝိုင်းမှာတိုးပြီး ဘာကားလဲ ရှေ့မှာဘာဖြစ်သွားတာလဲ ဆိုပြီး စပ်စုတတ်ပါသေးတယ်။
များသောအားဖြင့်တော့ ဆိုင်လေးမှာ အက်ရှင်ကားတွေအဓိကပြတတ်တယ်။ ဗီယက်နမ်စစ်ကားတွေ၊ ကိုရီးယားစစ်ကားတွေ၊ အာဖကန်စစ်ကားတွေ၊ ဘရုစ်စ်လီ၊ အာနိုး၊ စတားလုံး၊ ဗန်ဒိမ်း၊ ဂျက်ကီချမ်း၊ ဂျက်လီ စတဲ့ မင်းသားတွေကို ဒီဆိုင်လေးမှာသိခွင့်ရခဲ့တာပေါ့။ ဂျိမ်းစ်ဘွန်းကားတွေလည်းအမြဲပြတတ်တဲ့အတွက် ဆိုင်လေးမှာလူအမြဲစည်နေခဲ့တာပါပဲ။ စတားလုံးရဲ့ ရမ်ဘို၊ ရော့ကီ၊ အာနိုးရဲ့ Terminator တွေကို ဒီဆိုင်လေးမှာကြည့်ခွင့်ရခဲ့တယ်။ တခြားသောမမှတ်မိနိုင်တော့တဲ့ ထိုင်းအက်ရှင်ကားတွေ၊ စစ်ကားတွေ၊ ဂျပန်ဆာမူရိုင်းရုပ်ရှင်တွေအများကြီးကို ဒီဆိုင်လေးမှာကြည့်ခဲ့ရပါတယ်။ နွေရာသီကျောင်းပိတ်ရက်တွေ၊ စနေတနင်္ဂနွေတွေမှာဆိုရင် နေ့လည်ခင်းတွေဟာ အိမ်မှာနေတာထက် ဒီဆိုင်လေးမှာမုန့်စားရင်းရုပ်ရှင်ကြည့်ရင်းနဲ့ အချိန်ပိုဖြုန်းဖြစ်တာပါပဲ။ ဆိုင်ထဲကလူတွေရဲ့တိတ်ဆိတ်စွာနဲ့ ဖန်သားပြင်ကိုငေးကြည့်နေတဲ့သူတွေ၊ အာနိုးရဲ့ Terminator က ဆိုင်ကယ်အက်ရှင်ခန်းတွေမှာ အားပေးသံတွေ၊ ဖိုက်တင်ခန်းတွေမှာ ချကွ တွယ်ကွ ဆိုပြီး ဘေးကနေမြှောက်ပေးသံတွေ အစုံအလင်နဲ့ ပျော်စရာလောကထဲကိုခဏတာရောက်သွားသလိုပါပဲ။
ဘရုစ်စ်လီ၊ အာနိုး၊ ဗန်ဒိမ်း၊ စတားလုံး ဒီမင်းသားတွေရဲ့ရုပ်ရှင်တွေကို ဒီဆိုင်လေးမှာပဲအများဆုံးကြည့်ခဲ့ရတဲ့အတွက် နောက်ပိုင်းမှာ အိမ်မှာရုပ်ရှင်ကြည့်တဲ့အခါမှာ ဒီမင်းသားတွေရဲ့ရုပ်ရှင်တွေကိုပဲ ရှာဖွေကြည့်တတ်လာခဲ့တယ်။
နောက်ပိုင်းမှာတော့ ဒီဆိုင်လေးပိတ်သွားရတယ်။ အကြောင်းအရင်းတော့မသိရပေမယ့် ဆိုင်လေးပိတ်သွားတာနဲ့အတူ ကျွန်တော့်ရဲ့ငယ်ဘဝရုပ်ရှင်အမှတ်တရတွေဟာ ခဏတာရပ်တန့်သွားခဲ့တယ်။ နောက်ပိုင်းကာလတွေမှာ မီးမှန်လာတဲ့အတွက် ကျွန်တော်အိမ်မှာပဲရုပ်ရှင်တွေရှာကြည့်ဖြစ်တာပါပဲ။ ဒါပေမယ့် ရင်ထဲမှာတစ်ခုခုတော့လိုအပ်နေခဲ့တယ်၊ အိမ်မှာကြည့်လဲဒီရုပ်ရှင်ကဒီရုပ်ရှင်၊ လက်ဖက်ရည်ဆိုင်မှာကြည့်လဲ ဒီရုပ်ရှင်က ဒီရုပ်ရှင်၊ အတူတူပဲဆိုပေမယ့် ဘာတွေကွာလဲ၊ ဘာတွေလိုလဲ၊ ကျွန်တော်အတိအကျမပြောနိုင်တော့ပါဘူး။
တိုးတက်လာတဲ့နည်းပညာတွေဟာ လူထုရဲ့လက်တွေ့ဘဝတွေကိုပိုမိုသက်သာလွယ်ကူစေတယ်ဆိုတာဟာ မငြင်းနိုင်တဲ့အမှန်တရားတစ်ခုဆိုပေမယ့်လည်း အမှောင်ဖုံးကာလတွေမှာ သာမန်လူတန်းစားတွေအတွက် ရုပ်ရှင်တစ်ကားကြည့်ရဖို့ဆိုတာ အနည်းငယ်ကြိုးစားခဲ့ရတယ် ဆိုတာကလည်း ဖုံးကွယ်လို့မရတဲ့ဖြစ်ရပ်တစ်ခုပါပဲ။
ကျွန်တော်လမ်းထိပ်ကိုသွားတိုင်း ဒီဆိုင်လေးရဲ့နေရာဟောင်းလေးကိုအမြဲလိုလိုကြည့်မိသွားခဲ့တယ်။ ဒီနေရာလေးရဲ့အမှတ်တရတွေကိုအမြဲပြန်သတိရမိခဲ့တယ်။
ခင်ဗျားတို့တွေရော လက်ဖက်ရည်ဆိုင်မှာရုပ်ရှင်ကြည့်ဖူးကြလား၊ မျှဝေခဲ့ပါဦး။
Photo: The Irrawaddy
McGarrett ရေးသည်။
0 Comments