Sakra (2023) | အထင်အမြင်
ဧပြီ ၃၀၊ ၂၀၂၃။
◼ ဆရာကြီးကျင်းယုံရဲ့ ကြီးငါးကြီးသိုင်းဝတ္ထုတွေထဲက Demi Gods and Semi-Devils ကို ဇာတ်လမ်းဆင်ရိုက်ကူးထားတဲ့ Donnie Yen ရဲ့ Sakra ဟာ ၂၀၂၃ နှစ်ဦးပိုင်းမှာရုံတင်ပြသခဲ့ပြီး ယခုအခါမှာတော့ digital နဲ့ပါ ကြည့်ရှုလို့ရနေပြီဖြစ်ပါတယ်။
◼ ဇာတ်လမ်းသဘောကတော့ သိုင်းလောကရဲ့ဂိုဏ်းကြီးတစ်ခုဖြစ်တဲ့ သူဖုန်းစားဂိုဏ်းရဲ့ဂိုဏ်းချုပ် ချောင်ဖုန်းဟာ ဒုဂိုဏ်းချုပ် မာသယွမ် လုပ်ကြံသတ်ဖြတ်ခံရမှုအတွက် စွပ်စွဲခံရတဲ့အတွက် သိုင်းလောကတစ်ခုလုံးရဲ့အမုန်းကိုခံနေရာကနေ အရှုပ်အထွေးတွေဖြစ်ပေါ်လာပုံကို ဇာတ်လမ်းဆင်ရိုက်ကူးထားတဲ့ wuxia အမျိုးအစားရုပ်ရှင်ဖြစ်ပါတယ်။
◼ ကျင်းယုံဝတ္ထုတွေကိုရုပ်ရှင်ပြန်ရိုက်တဲ့အထဲမှာမှ ရှားရှားပါးပါး မပျက်ဆီးပဲဇာတ်လမ်းခိုင်တဲ့ရုပ်ရှင်တစ်ကားလို့ပြောလို့ရပါတယ်။ ကြီးငါးကြီးဆိုတာက သိမ်းငှက်သူရဲကောင်း ၁၊ ၂၊ တိမ်လွှာနဂါးသူရဲကောင်းများ၊ နဂါးနိုင်ဓား၊ သိုင်းလောကစိန်ခေါ်သံ ဆိုတဲ့ ငါးခုဖြစ်ပါတယ်။ Sakra က ကြီးငါးကြီးထဲက တိမ်လွှာနဂါးသူရဲကောင်းများထဲက ချောင်ဖုန်းရဲ့ဇာတ်ကောင်ကိုအဓိကတည်ပြီးရိုက်ကူးထားတာပါ။ ဇာတ်လမ်းအရပြောရရင် အချိတ်အဆက်မိမိနဲ့ ပရိသတ်ကိုဆွဲခေါ်သွားနိုင်ပါတယ်။ Series တွေလောက် ဇာတ်အိမ်ကျယ်ပြန့်မှုမရှိပေမယ့်လည်း နှစ်နာရီကျော်ရုပ်ရှင်တစ်ကားအနေနဲ့ယှဥ်ရင်တော့ ခိုင်မာမှုရှိတယ်လို့ပြောလို့ရပါတယ်။ ကြီးငါးကြီးဝတ္ထုတွေကိုဇာတ်လမ်းပြန်ရိုက်တဲ့အခါမှာ ဇာတ်ကောင်တွေကိုနှစ်ယောက်ကိုတစ်ယောက်လုပ်ပြီးချုံ့ပစ်တတ်ပေမယ့် ဒီတစ်ကားမှာတော့ ပိုင်ကွေးစို့နဲ့ချွမ်ကွမ့်ချင်းကို နှစ်ယောက်ကိုတစ်ယောက်ပေါင်းထားတာကလွဲလို့ ကျန်တာကိုပြုပြင်ထားတာမရှိပါဘူး။ ချောင်ဖုန်းရဲ့ဇာတ်ကောင်စရိုက်ကိုလည်း ပီပီပြင်ပြင်ပြသထားသလို series တွေမှာ နေရာသိပ်မရခဲ့တဲ့ ကူးစူးမုလုံဖုကိုလည်း ဒီကားမှာတော်တော်လေး role တင်ပေးခဲ့တာကိုတွေ့ရပါတယ်။ Demi Gods and Semi Devils ရဲ့ နောက်ထပ်အရေးပါတဲ့ ကိုရင်ရွှီကျူကိူနေရာသိပ်မပေးထားတာတစ်ခုကိုပဲ ထောက်ပြစရာရှိပါတယ်။ နောက်ထပ်ထောက်စရာကတော့ Donnie Yen ရဲ့ မိတ်ကပ်ပြင်ဆင်မှုအပိုင်းပါပဲ။
◼ ပထမစကြည့်ခါစမှာတော့ ရုပ်ရှင်ရဲ့ဒုတိယပိုင်းမှာ ဟာကွက်တွေကိုတွေ့ရပေမယ့်လည်း ဇာတ်လမ်းအဆုံးသတ်ကိုရောက်ခါနီးလေလေ၊ ဒါဟာ sequel အတွက် ဇာတ်လမ်းချန်ခဲ့တယ်ဆိုတာ ပိုပြီးသိသာလာလေလေပါပဲ။ ကျင်းယုံဝတ္ထုတွေကိုဖန်တရာတေဖတ်ဖူးတဲ့သူတွေ၊ series တွေကို remake ပေါင်းစုံကြည့်ဖူးသူတွေကတော့ Sakra က တစ်ကားတည်းအပြီးရုပ်ရှင်မဟုတ်ဘူးဆိုတာကိုရိပ်မိကြမှာပါ။
◼ နောက်ပိုင်း Wuxia ရုပ်ရှင်တွေ၊ series တွေ အများစုမှာ အတွင်းအားအသုံးပြုမှုတွေကို အရောင်တွေနဲ့အသုံးပြုထားပေမယ့်လည်း Sakra မှာတော့ ကာလာမဲ့အတွင်းအားကိုပဲအသားပေးထားတာကိုတွေ့ရပါတယ်။ သိုင်းကွက်တွေဘက်မှာလည်း Donnie Yen ဖြစ်နေတဲ့အတွက် ထောက်ပြစရာမရှိပါဘူး။ ဆက်တင်အပြင်အဆင်အပိုင်းမှာလည်း ကျွိရှန်စံအိမ်လိုနေရာကို ခမ်းခမ်းနားနားပြသထားတာကလည်း ကျေနပ်စရာပါပဲ။ ဒါပေမယ့် တရုတ်ရုပ်ရှင်အများစုမှာ VFX တွေက ဂိမ်းပုံစံဖြစ်နေတတ်တာပါပဲ။ Sakra လည်း ဒီသံသရာကိုမချိုးဖောက်နိုင်ခဲ့ပါဘူး။
◼ အနှစ်ချုပ်ပြောရရင်တော့ Sakra ဟာ ကြီးငါးကြီးပရိသတ်တွေအတွက်တော့ ကျေနပ်စရာရုပ်ရှင်ဖြစ်ချင်မှဖြစ်မယ်၊ ဒါပေမယ့် သိုင်းရုပ်ရှင်အနေနဲ့ လက်ခံစရာပါပဲ။
MVE Score: 7/10
0 Comments