အရူးသုံးယောက်ရဲ့ မတူညီတဲ့ရူးနှမ်းမှုများ
မတ် ၁၈၊ ၂၀၂၃။
◼ ၂၀၀၉ က ထွက်ခဲ့တဲ့ Rajkumar Hirani ရဲ့ 3 Idiots ဆိုတာက အိန္ဒိယနဲ့အာရှဒေသရဲ့ပညာရေးစနစ်ကိုထောက်ပြခဲ့ရုံတင်မကပဲ လူတွေအားလုံးဟာ တစ်နည်းမဟုတ်တစ်နည်းနဲ့ရူးကြတယ်၊ လူတွေဟာ အောင်မြင်မှုတွေနောက်ကိုလိုက်ရင်းနဲ့ ရူးမှန်းမသိရူးနေကြတယ်ဆိုတာကို ပြသပေးခဲ့တဲ့ drama ရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ်။
◼ အင်ဂျင်နီယာကျောင်းကိုရောက်လာကြတဲ့ ဖာဟန်၊ ရာဂျူး နဲ့ ရန်ချို ဆိုတဲ့ ကျောင်းသားသုံးယောက်၊ ရည်မှန်းချက်ကိုယ်စီပိုက်ပြီး အင်ဂျင်နီယာဘွဲ့ယူကြဖို့ရောက်လာကြတယ်။ အလုပ်ကောင်းကောင်းရဖို့၊ ငွေဝင်ဖို့ပေါ့။
◼ ဖာဟန်ဆိုတာက အလယ်အလတ်တန်းလွှာမိဘတွေကနေမွေးလာတဲ့ လူငယ်တစ်ယောက်၊ အဖေဖြစ်တဲ့သူကြောင့် ဝါသနာပါတဲ့ wild-life photographer ဘဝကို ဘေးချိတ်ထားပြီး ICE ကျောင်းမှာ အင်ဂျင်နီယာဘွဲ့လာယူတဲ့ အရူးကြီး။
◼ ရာဂျူးဆိုတာကတော့ လေဖြတ်နေတဲ့ အငြိမ်းစားစာပို့သမားအဖေနဲ့ မှီခိုအမေကြီးရဲ့ သားတစ်ယောက်၊ အသွင်းပစ္စည်းမပေးနိုင်လို့ မင်္ဂလာမဆောင်ရသေးတဲ့အစ်မတစ်ယောက်ကိုလည်း ငဲ့နေရတဲ့မောင်တစ်ယောက်။ သူကတော့ အင်ဂျင်နီယာဘဝကိုဝါသနာပါပေမယ့်လည်း ဖိအားတွေပိပြီး ဘာသာရေးကိုဖက်တွယ်ထားပြီး ရူးနေတဲ့ အရူး။
◼ အဲဒီအရူးနှစ်ယောက်ရဲ့ဘဝထဲကို နောက်ထပ်အရူးတစ်ယောက်ထပ်ရောက်လာတယ်။ အဲဒီအရူးကောင်ရဲ့နာမည် ရန်ချို။ ရန်ချိုက အင်ဂျင်နီယာဘာသာကိုရူးသွပ်တဲ့သူ၊ စက်တွေကိုကြိုက်လို့ဒီပညာကိုလာသင်တဲ့သူ၊ စာကိုသင်တာ တတ်ဖို့အတွက်ပဲသင်တဲ့သူ။
◼ ဒီအရူးသုံးယောက်ကိုကြည့်တိုင်း ကျွန်တော်တို့ကိုယ့်ကိုယ်ကိုအမြဲပြန်မြင်မိတယ်။ ဖာဟန်တစ်ယောက် ကင်မရာကိုဘေးချပြီး စိတ်မပါပဲစာသင်နေရတာကိုမြင်တိုင်း အရှေ့တိုင်းကမိဘအများစုရဲ့ ဖိအားတွေ၊ မိဘတွေကိုချစ်လို့ကြောက်လို့ ဝါသနာကိုဘေးချိတ်ပြီး ဝါသနာမပါတဲ့အရာတွေကိုကြိတ်မှိတ်လုပ်နေကြတဲ့ လူတွေကို ပိတ်ကားပေါ်မှာပုံဖော်ပြလိုက်သလိုပါပဲ။
◼ မိသားစုကိုချစ်တဲ့စိတ်၊ မိသားစုရဲ့အခက်အခဲဖိအားတွေကြောင့် ရာဂျူးတစ်ယောက် စာမေးပွဲအောင်ဖို့အရေး Silencer လို hyper ဆီကိုကပ်ပြေးရ၊ ရှိသမျှဘုရားတွေကိုကန်တော့ရ၊ အဆောင်တွေဝတ်ထားဆွဲထားရနဲ့ ပူလောင်မှုတွေဟာလည်း ပိတ်ကားပြင်ပဆီကိုကူးစက်လာပါတယ်။ လက်တွေ့ဘဝမှာလည်း ကျွန်တော်တို့တွေဟာ ဒီလိုဖိအားတွေကိုရင်ဆိုင်ကြရတာပါပဲ။ ရာဂျူးဆေးရုံမှာကိုမာဝင်နေတဲ့အချိန် ပြန်သတိရလာအောင် ရန်ချိုတစ်ယောက် ရာဂျူးရဲ့အစ်မကိုဖာဟန်နဲ့ပေးစားတဲ့ပုံစံမျိုးနဲ့ဖောက်ပြတာက ရာဂျူးရဲ့ဖိအားတွေကိုနည်းလမ်းတစ်ခုနဲ့ပြသပေးနေပါတယ်။
◼ ဖာဟန်နဲ့ရာဂျူးတို့တွေ အရူးဘဝကနေလွတ်သွားအောင် ရန်ချိုက ကူညီခဲ့ပေမယ့် ရန်ချိုကတော့ သူ့ရဲ့အရူးဘဝကိုမစွန့်လွှတ်ခဲ့ပါဘူး။ သူဆက်ပြီးရူးသွပ်တယ်။ ပီယာဆိုတဲ့ကောင်မလေးကိုချစ်ပေမယ့် ဒီအရူးကြီးက ပိုင်ဆိုင်ဖို့မကြိုးစားပဲ ဆက်ပြီးရူးသွပ်တယ်။ အဲဒီရူးသွပ်မှုကပဲ မီလီမီတာကို ကီလိုမီတာဘဝအထိရောက်လာအောင်ကူညီပေးနိုင်ခဲ့တယ်။ ရန်ချိုရဲ့ရူးသွပ်မှုဟာ အကောင်းနဲ့အဆိုးတွေမျှနေတယ်ဆိုတာကတော့ ငြင်းစရာမရှိပါဘူး။
◼ အဲဒီအရူးသုံးယောက်အပြင် နောက်ထပ်အရူးကြီးတစ်ယောက်ကတော့ ကျောင်းအုပ်ဆရာကြီး ဗီရူး ခေါ် ဗိုင်းရပ်စ်ပါပဲ။ သူ့ရဲ့ရူးနည်းကတော့ ဂုဏ်ရူးတဲ့ရူးနည်းပါပဲ။ အချိန်ကုန်သက်သာအောင် အင်္ကျီကိုကပ်ခွာဝတ်တယ်၊ စာကိုလက်နှစ်ဖက်နဲ့ရေးပြီး ငါဟာအတော်ဆုံးဆရာ၊ ငါ့ကျောင်းကကျောင်းသားတွေကလည်းငါလိုတော်ရမယ်၊ ငါ့သားဟာလည်း အင်ဂျင်နီယာဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ မာနရူးပါ။ သူ့ရဲ့ဇာတ်ကောင်စရိုက်ဟာ ရုပ်ရှင်သဘောအရတော့ မုန်းစရာကောင်းပေမယ့်လည်း လက်တွေ့ဘဝမှာ ဗိုင်းရပ်စ်လိုလူတွေအများကြီးရှိပါတယ်။
◼ ဒါဆိုရင် ရန်ချိုလိုလူတွေရော။ ရန်ချိုလိုမျိုး စာကိုလိုလိုချင်ချင်သင်ယူပြီး ပညာနောက်ကိုပဲလိုက်စားတတ်တဲ့သူကို ဘာလို့အရူးလို့ပြောကြတာလဲ။ ရှင်းပါတယ်၊ လူတွေလုပ်နေကျပုံစံတွေကနေကွဲထွက်ပြီး သူ့အတွက်အသင့်တော်ဆုံး၊ သူ့အတွက်အပျော်ရွှင်ရဆုံးတွေကိုပဲရွေးပြီးလုပ်ပြသွားလို့ပါပဲ။
◼ လက်တွေ့ဘဝမှာ ကျွန်တော်တို့တွေဟာ ဖာဟန်လား၊ ရာဂျူးလား၊ ရန်ချိုလား ဆိုတာကတော့ အဖြေရှာရမယ့်ပုစ္ဆာတစ်ပုဒ်ပါပဲ။
Ibrahim Khan ရေးသည်။

0 Comments