The Woman King | အထင်အမြင်
ဖေဖော်ဝါရီ ၂၃၊ ၂၀၂၃။
◼ ၁၈၀၀ ကာလတွေက အာဖရိကတိုက်မှာရှိခဲ့တဲ့ Dahomey နိုင်ငံက အမျိုးသမီးလက်ရုံးစစ်သည်အဖွဲ့ Agojie အကြောင်းနဲ့ ပေါ်တူဂီနယ်ချဲ့မှုဖြစ်စဥ်တွေကို အဓိကဇာတ်အိမ်တည်ထားတဲ့ရုပ်ရှင်ဖြစ်ပြီး DC ရဲ့ Amanda Waller သရုပ်ဆောင် Viola Davis, No Time To Die သရုပ်ဆောင် Lashana Lynch နဲ့ Star Wars သရုပ်ဆောင် John Boyega တို့ အဓိကပါဝင်ထားပါတယ်။
◼ The Woman King ရဲ့ ဇာတ်လမ်းဟာ အာဖရိကတိုက်ထဲက အမျိုးသမီးလက်ရုံးစစ်သည်တပ်ဖွဲ့အကြောင်းကိုမှ ဒရာမာနည်းနည်းရောထားပြီးပြသထားတာဖြစ်ပေမယ့်လည်း အရမ်းကြီးကစဥ့်ကလျားဖြစ်သွားတာမျိုးမရှိပါဘူး။ ရုပ်ရှင်ရဲ့အဖွင့်ခန်းဟာ ဒီရုပ်ရှင်ဟာ နောက်ထပ်ဘာဆက်ဖြစ်မလဲဆိုတာကို လုံလုံလောက်လောက်ဆွဲခေါ်ပေးသွားနိုင်တယ်။ ရုပ်ရှင်ရဲ့ပထမပိုင်းရော ဒုတိယပိုင်းမှာ အသေးစားထောက်ပြစရာတွေကလွဲလို့ ဇာတ်လမ်းအပိုင်းမှာ ထောက်ပြစရာမရှိပါဘူး။ PG-13 အမျိုးအစားဖြစ်ပေမယ့်လည်း ဇာတ်ဝင်ခန်းတွေဟာ R-rated အရသာတွေပါဝင်နေပါတယ်။ R-rated အနေနဲ့သာထုတ်ခဲ့မယ်ဆိုရင် ပိုပြီးပြည့်စုံသွားမှာပါ။
◼ အမျိုးသမီးဒါရိုက်တာရိုက်ကူးထားတယ်လို့မထင်ရအောင် ဇာတ်လမ်းဟာမာကျောလွန်းနေတာပါ။ ဒရာမာခန်းတချို့ကလွဲလို့ ကျန်တဲ့ပြကွက်တွေဟာလည်းအချိတ်အဆက်မိမိရှိပါတယ်။ အားနည်းချက်တစ်ခုကတော့ antagonist ကို ဖော်ပြတဲ့အပိုင်းမှာ ထင်ရှားသိသာမှုမရှိပဲ သာမန်ဇာတ်ပို့လိုဇာတ်ကောင်တည်ဆောက်မှုအားနည်းနေတာပါ။
◼ ဇာတ်ကောင်တည်ဆောက်မှုအပိုင်းမှာတော့ Nanisca ရဲ့ ဇာတ်ကောင်ဟာ အရမ်းမြန်ဆန်လွန်းနေသလိုခံစားရပါတယ်။ တချို့အခန်းတွေမှာ ဖော်ပြသင့်တဲ့ဇာတ်ကောင်စရိုက်တွေကိုဖော်ပြမသွားပဲနဲ့ကျော်သွားတာတွေရှိပေမယ့် Viola Davis ကြောင့် အလိုလိုဖြည့်တွေးမိသွားစေပါတယ်။ ထင်မထားအောင်လေးစားမိတာကတော့ Viola Davis အပြင် မင်းသား John Boyega ပါပဲ။ Star Wars sequel သုံးကားတွေမှာ John Boyega ရဲ့ Finn ကို သိထားသူတွေကတော့ The Woman King မှာ တည်ငြိမ်တဲ့ဇာတ်ရုပ်နဲ့ ပီပီပြင်ပြင်သရုပ်ဆောင်ထားတာကိုတွေ့ရမှာပါ။
◼ စစ်ပွဲရုပ်ရှင်တွေကိုကြိုက်သူတွေအတွက်တော့ The Woman King ဟာ ရွေးချယ်စရာတစ်ခုပါပဲ။
IMDb Rating: 6.8/10
Rotten Tomatoes (Critic Score): 94%
MVE Score: 7/10
McGarrett ရေးသည်။
0 Comments