Porpular

6/recent/ticker-posts

ကောင်းကင်ဘုံသို့ အဝင် (သို့) Babylon


ကောင်းကင်ဘုံသို့ အဝင် (သို့) Babylon

မတ် ၂၇၊ ၂၀၂၃။
◼ တိတိကျကျ ပြောရရင်တော့ Babylon ဆိုတာက Gate of God လို့ အဓိပ္ပါယ်ရပါတယ်။ ဒီနေ့တင်ဆက်မယ့် အကြောင်းအရာကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၃၀၀ တုန်းက တည်ရှိခဲ့တဲ့ ဘေဘီလုံ မြို့အကြောင်းတော့ မဟုတ်ပါဘူး။ ၂၀၂၂ ခုနှစ်ကမှ ထွက်ရှိထားတဲ့ Babylon ရုပ်ရှင် အကြောင်းပါ။
◼ ခါတိုင်းနှစ်တွေလိုပဲ ၂၀၂၂ ထဲမှာ ရုပ်ရှင်ဇာတ်ကားတွေ အများအပြား ထွက်ရှိခဲ့ပေမယ့် တသသ ပြောရလောက်တဲ့ထိ ရင်ထဲစွဲကျန်ရစ်ခဲ့ ရုပ်ရှင်တွေကတော့ လက်ချိုးရေတွက်လို့ရပါတယ်။
◼ ဒီလို လက်ချိုးရေလို့ရတဲ့ ရုပ်ရှင်တွေထဲမှာမှ အကောင်းဆုံးလို့ သတ်မှတ်နိုင်တာက Babylon ပါ။ ၂၀၂၂ ထဲမှာ ထွက်ရှိခဲ့တဲ့ ဇာတ်ကားတွေ ဘယ်လောက်ပဲကောင်းကောင်း Damien Chazelle ရဲ့ Babylon ကို လုံးဝမမှီဘူးလို့ ပြောရပါမယ်။ သူ ရိုက်ကူးတဲ့ La La Land နဲ့ Whiplash တို့နဲ့ဆို Babylon က အပုံသာကြီး သာပါတယ်။
◼ ရုပ်ရှင်ပရိသတ်တွေအနေနဲ့ ဒါရိုက်တာ Quentin Tarantino ရဲ့ Once Upon A Time In Hollywood ရုပ်ရှင်နဲ့ Vibe ချင်းတူတယ်လို့ ပြောလို့ရတဲ့အတွက် ဒီရုပ်ရှင်ကို သဘောကျတယ်ဆိုရင် Babylon ကိုလည်း သဘောကျမိမှာ အသေအချာပါပဲ။
ပုံတစ်ပုံစီမှာ အကြောင်းအရာအသေးစိတ်ကို ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
Loki ရေးသည်။



Babylon ဆိုသည်မှာ.....

◼ ဒါရိုက်တာ Damien Chazelle ရိုက်ကူးတဲ့ Dark-Comedy-Drama အမျိုးအစား Babylon ရုပ်ရှင်က ၁၉၂၀ ခုနှစ်ကနေစလို့ ဇာတ်အိမ်တည်ထားပြီး Hollywood မှာ အသံတိတ် ရုပ်ရှင်ကနေ အသံထွက် ရုပ်ရှင် အဖြစ်ပြောင်းလဲသွားတဲ့ ကာလအကြောင်းကို အသေးစိတ် ပုံဖော်ထားတာဖြစ်ပါတယ်။

◼ ဒီရုပ်ရှင်မှာ Jovan Adepo, Brad Pitt, Margot Robbie နဲ့ Diego Calva တို့က အဓိက ဇာတ်ကောင်တွေ အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး Tobey Maguire နဲ့ အကောင်းဆုံး အဆုံးသတ်ထားပါတယ်။

◼ ဒီရုပ်ရှင်မှာ မြင်ခဲ့ရတဲ့ အဓိက ဇာတ်ကောင်တွေက အပြင်မှာ တကယ်မရှိခဲ့ပေမယ့် ဒီဇာတ်ကောင်တွေ နဲ့ သူတို့တွေရဲ့ ဘဝတွေ ဖြစ်တည်လာဖို့ ၁၉၂၀ ဝန်းကျင်တုန်းက Hollywood မှာ သက်ရှိထင်ရှား ကျင်လည်ခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင်တွေကို အခြေခံပြီး ဖန်တီးထားပြီးတော့ ရုပ်ရှင်ထဲမှာ ပါဝင်ခဲ့တဲ့ အဖြစ်အပျက်အများစုကလည်း Hollywood မှာ တကယ်ဖြစ်ခဲ့တဲ့ အရာတွေချည်းဖြစ်တာကြောင့် Babylon က စိတ်ကူးယဉ်မှု နည်းနည်း အမှန်တရား များများ ရောစပ်ထားတဲ့ cocktail တစ်ခွက်လိုပဲလို့ ပြောရင်မမှားပါဘူး။


ရုပ်ရှင်ကို Babylon လို့ နာမည်ပေးရတဲ့ အကြောင်းအရင်း

◼ စာအုပ်တွေ၊ ရုပ်ရှင်တွေမှာ ခဏ ခဏ ဖော်ပြခြင်းခံထားရတဲ့ ရှေးဟောင်းမြို့တော် Babylon အကြောင်းကိုတော့ ရုပ်ရှင်ပရိသတ်တွေ အနေနဲ့ အနည်းနဲ့ အများဆိုသလို ကြားဖူးနားဝရှိကြမှာပါ။

◼ Babylon ကို ကမ္ဘာပေါ်မှာ အချမ်းသာဆုံး မြို့လို့ တင်စားခေါ်ဝေါ်ကြသလို ကမ္ဘာအရပ်ရပ်က ကုန်သည်တွေကလည်း ဒီမြို့ကို လာရောက်ကြပြီး ကုန်စည်တွေ ရောင်းဝယ်ဖောက်ကားကြတယ်လို့ ဆိုပါတယ်။ ငွေကြေး ချမ်းသာခြင်းတွေနဲ့အတူ တည်ဆောက်ထားတဲ့ Babylon မြို့ကို အပြင်ပိုင်းကကြည့်ရင် အေးချမ်းတယ်၊ပျော်စရာကောင်းတယ်လို့ ထင်ရပေမယ့် တကယ့်အတွင်းကျကျမှာတော့ တရားမမျှတတဲ့ ဘုရင်တွေ အုပ်စိုးခဲ့သလို ကျွန်ရောင်းဝယ်ရေး၊ လောင်းကစားပွဲတွေနဲ့ ချေးငွေ ပြန်မဆပ်နိုင်ရင် မိသားစုဝင်တွေကိုတောင် ကျွန်အဖြစ် ထိုးဆပ်ပြီး အလဲအလှယ်လုပ်ကြတဲ့ ဒီလိုမျိုး စက်ဆုပ်စရာကောင်းတဲ့ ကိစ္စရပ်တွေလည်း ရှိနေခဲ့ပါသေးတယ်။

◼ Hollywood မှာလည်းပဲ အောင်မြင်မှု ထီးနန်းကို တက်သိမ်းခဲ့တဲ့ ဒါရိုက်တာတွေ၊ ရုပ်ရှင် မင်းသား မင်းသမီးတွေနဲ့ အကောင်းတကာ အကောင်းဆုံးလို့ သတ်မှတ်ခြင်းခံရတဲ့ ဇာတ်ကားကောင်းတွေ ခေတ်အဆက်ဆက်မှာ ထွက်ပေါ်လာခဲ့ပေမယ့် ရုပ်ရှင်ပိတ်ကားနောက်ကွယ်မှာ ပရိသတ်တွေ မမြင်ခဲ့ရတဲ့ အနိုင်ကျင့်မှုတွေ၊ လူအချင်းချင်းခွဲခြားဆက်ဆံခံရတာတွေ၊ မူးယစ်ဆေးဝါး၊ လောင်းကစားနဲ့ တည်ဆောက်ထားတဲ့ အမှောင်ထုတွေနဲ့ အောင်မြင်မှုကို ခန္ဓာကိုယ်နဲ့ လဲလှယ်ခဲ့ကြသူတွေလည်း ဒုနဲ့ဒေးပါပဲ။

◼ မြို့တော် Babylon ဟာ အတိတ်ကာလတုန်းက သမိုင်းရဲ့ အရေးအပါဆုံး နေရာကနေ ပါဝင်ခဲ့သလို Hollywood ကလည်း ရုပ်ရှင်သမိုင်းမှာ အသံတိတ်ရုပ်ရှင်ကစလို့ အခုထက်တိုင်အောင် အရေးအပါဆုံး အခန်းကနေ ပါဝင်နေဆဲ ဖြစ်ပြီး Babylon မြို့တော်မှာ ကောင်းခြင်းနဲ့ မကောင်းခြင်း ရောယှက်နေသည်နည်းတူ Hollywood မှာလည်း ကောင်းတဲ့အပိုင်းနဲ့ မကောင်းတဲ့အပိုင်း ရောထွေးနေတာကြောင့် ဒါရိုက်တာ Damien Chazelle က ဒီရုပ်ရှင်ကို Babylon လို့ အမည်ပေးခဲ့တာ ဖြစ်ပါတယ်။

◼ Babylon ရုပ်ရှင်ရဲ့ ဇာတ်ညွှန်းကို ပြည့်စုံသည်ထက် ပြည့်စုံအောင် Damein Chazelle က အချိန် ၁၅ နှစ်ကြာအောင် ဖန်တီးခဲ့ရပြီး ရုပ်ရှင်အဖြစ်ထွက်ပေါ်လာတော့လည်း အကောင်းနဲ့အဆိုး ဒွန်တွဲနေတဲ့ ပြယုဂ်အဖြစ် ဒီရုပ်ရှင်ရဲ့ ဇာတ်ဝင်ခန်းအများစုမှာ ကောင်းခြင်းနဲ့ မကောင်းခြင်းကို ရောမွှေထားတဲ့အပြင် ရုပ်ရှင်ရဲ့ ပထမပိုင်း တစ်ဝက်ထိက ပျော်စရာတွေကိုချည်း ဖော်ပြထားသလို ဒုတိယတစ်ဝက်က မကောင်းတဲ့ အငွေ့အသက်တွေကို ကိုယ်စားပြုတဲ့ အနက်ရောင်များများနဲ့ ရိုက်ကူးထားပြန်ပါတယ်။


Margot Robbie as Nellie LaRoy

◼ Babylon ထဲမှာ တော်တော်လေး အားရမိတဲ့သူက Margor Robbie ပါ။

◼ ဆိုးဆိုးဝါးဝါးကို အကျင့်မကောင်းပြီးတော့ အချိုးးလည်းမ​ပြေတဲ့အပြင် ကောင်းကွက်ဆိုလို့ သရုပ်ဆောင် ကျွမ်းကျင်တာပဲရှိ မင်းသမီး Nellie LaRoy နေရာကို အကောင်းဆုံး သရုပ်ဆောင် ပြသွားနိုင်ခဲ့ပါတယ်။

◼ ဒီလို ဇာတ်ရုပ်မျိုးရဖို့အတွက် Hollywood ရဲ့ အသံတိတ်ရုပ်ရှင် ခေတ်တုန်းက အောင်မြင်ကျော်ကြားခဲ့တဲ့ Clara Bow, Joan Crawford, Jeanne Eagels, Alma Rubens နဲ့ Thelma Todd စတဲ့ အမျိုးသမီး သရုပ်ဆောင် ငါးယောက်တို့ရဲ့ ဘဝအကြောင်းအရာတွေကို ယူပြီးတော့ Nellie LaRoy ဆိုတဲ့ ဇာတ်ကောင်ကို ဖန်တီးထားတာလည်း ဖြစ်ပါတယ်။

(ပို့စ်ရဲ့နောက်ပိုင်းမှာ အဲဒီအမျိုးသမီးသရုပ်ဆောင်ငါးယောက်ပုံကိုပြသထားပါတယ်)

◼ Clara Bow ဆိုတာ အသံတိတ် ရုပ်ရှင်လောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သူ တစ်ဦးဖြစ်ပြီး သူမကိုယ်တိုင်က လောင်းကစားမှာ မွေ့လျော်သာ တစ်ဦးဖြစ်တာကြောင့် သူမရဲ့ ဘဝအကြောင်းအရာတွေက Nellie LaRoy ဖြစ်လာဖို့အတွက် အရေးပါတဲ့အခန်းကနေ ပါဝင်ခဲ့ပါတယ်။

◼ Nellie LaRoy ရဲ့ အိမ်ပြန်ချင်တဲ့ အကြောင်းတွေးလိုက်တာလေဆိုတဲ့ စကားကို ရုပ်ရှင်ကြည့်ပြီးသူတွေ မှတ်မိမှာပါ။ ဒီစကားက Clara Bow ကို ရည်ရွယ်တာဖြစ်ပြီး ဘာကြောင့်လဲဆိုတော့ Bow ရဲ့အမေက စိတ်ကစဉ့်ကလျား ဖြစ်နေသူ တစ်ဦးဖြစ်ပြီး အဖေက ရုန့်ရင်း ကြမ်းတမ်းသူ ဖြစ်တာကြောင့် Bow က New York ကနေ LA ကို ထွက်ပြေးလာခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။

◼ Nellie LaRoy ရဲ့ မကောင်းတဲ့ အကျင့်စရိုက်တွေနဲ့ နာမည်က Joan Crawford ဆီကနေ ယူထားတာ ဖြစ်ပါတယ်။ Joan Crawford ရဲ့ နာမည်အရင်းက Luccile Fay LeSueur ဖြစ်ပြီး စကားလုံး အချို့ကို အစားသွင်းပြီးတော့ Nellie LaRoy ကို ရလာတာပါ။

◼ ဒါ့အပြင် Crawford က ပါတီပွဲတွေကို ခုံမင်သူ ဖြစ်ပြီး ဒီပွဲတွေမှာ လွန်လွန်ကဲကဲ ကခုန်တတ်သူ တစ်ဦးလည်း ဖြစ်ပါတယ်။

◼ Thelma Todd aka Hot Toddy လို့လည်းခေါ်တဲ့ Thelma Todd ကတော့ လူဆိုးဂိုဏ်းတွေနဲ့ ပတ်သက်မိတာကြောင့် လျှို့ဝှက်စွာ သေဆုံးခဲ့တာ ဖြစ်ပြီး Nellie LaRoy က John McKay နဲ့ ပတ်သက်မိတာကြောင့် သေလမ်းကို လက်တစ်ကမ်းအကွာထိ ရောက်ခဲ့သူပါ။

◼ မူးယစ်ဆေး အလွန်အကျွံသုံးစွဲတာကတော့ Jeanne Eagels နဲ့ Alma Rubens ကို မှီငြမ်းထားတာဖြစ်ပြီး ရုပ်ရှင်ထဲက Nellie LaRoy က ဆေးလွန်ပြီးတော့ သေဆုံးခဲ့ပါတယ်။


Jovan Adepo as Sidney Palmer

◼ Babylon ရုပ်ရှင်ထဲမှာ Sidney Palmer ရဲ့ နေရာက အရေးအပါဆုံး နေရာကနေ ပါခဲ့တယ်လို့ ပြောရင် အံ့သြသွားကြမလား။

◼ ဘာကြောင့်လဲဆိုတော့ Babylon အစ ပါတီပွဲကျင်းပတာကနေ စလို့ ဇာတ်ကောင်တွေရဲ့ ဘဝ အနိမ့်အမြင့် အတက်အကျတွေနဲ့ ရုပ်ရှင်အဆုံးသတ်တဲ့ထိ ရုပ်ရှင်ရဲ့ နောက်ခံ တေးဂီတကို Sidney Palmer ရဲ့ Trumpet တူရိယာအသံနဲ့ ဖော်ပြသွားခဲ့တာပဲ ဖြစ်ပါတယ်။

◼ မင်းသား Jovan Adepo သရုပ်ဆောင်ထားတဲ့ Sidney Palmer ဇာတ်ကောင်ကိုတော့ အပြင်ဘဝက Duke Ellington နဲ့ Sidney Easton တို့နှစ်ယောက်ကို အခြေခံပြီး ဖန်တီးထားခဲ့တာဖြစ်ပါတယ်။ (ပို့စ်နောက်ပိုင်းမှာ ပုံများထည့်သွင်းထားပါတယ်)

◼ ရုပ်ရှင်ထဲမှာ Manny နဲ့ Sidney တို့ ဖန်တီးခဲ့တဲ့ short jazz film က Duke Ellington သရုပ်ဆောင်ခဲ့ ၁၉၂၉ ရုပ်ရှင် ‘Black and Tan’ ကို ဂုဏ်ပြုသောအားဖြင့် Babylon ထဲမှာ ပြန်လည်ထည့်သွင်းခဲ့တာဖြစ်ပြီး ရုပ်ရှင်ရဲ့ အဆုံးသတ် Sidney က night clubs တွေမှာပဲ သီချင်းဆိုခဲ့သလို Ellington ကလည်း နောက်ဆုံးမှာတော့ ရုပ်ရှင်တွေထဲမှာ cameo အနေနဲ့သာ ပါဝင်တော့ပြီး ကျန်အချိန်တွေကို night clubs တွေမှာ တီးမှုတ်ရင်း ဖြတ်သန်းခဲ့ပါတယ်။

◼ နောက်တစ်ယောက်ကတော့ Sidney Easton ပါ။ သူက Louis Amstrong သရုပ်ဆောင်တဲ့ ၁၉၃၂ short jazz film ‘A Rhapsody in Black and Blue’ မှာ မပါခင်ထိ Hollywood မှာ မထင်မရှားပဲ နေခဲ့ရသူ တစ်ဦးဖြစ်ပြီး ဒီနောက်မှာသူက လူမည်းပရိသတ်တွေအတွက် ရည်ရွယ်ပြီးထုတ်လုပ်တဲ့ race film တွေမှာ ဇာတ်ညွှန်းရေးဆရာ၊ သရုပ်ဆောင်အနေနဲ့ပါဝင်ခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ သူလည်းပဲ Hollywood ကို ကျောခိုင်းခဲ့ပြီး jazz club တွေမှာပဲ ကျင်လည်ခဲ့ပါတယ်။


Brad Pitt as Jack Conrad

◼ သရုပ်ဆောင်တော်ပြီး Hollywood ရဲ့ အသံတိတ်ရုပ်ရှင်တွေမှာ ဘုရင်တစ်ပါးဖြစ်ခဲ့ပေမယ့် အသံထွက်ရုပ်ရှင်တွေ တစ်ခေတ်ဖြစ်လာတော့ နန်းကျခဲ့ရသူ Jack Conrad နေရာမှာ သရုပ်ဆောင်ထားသူက မင်းသားကြီး Brad Pitt ပါ။

◼ Jack Conrad ဇာတ်ကောင်က ၁၉၂၀ အသံတိတ်ရုပ်ရှင် လောကမှာ အအောင်မြင်ဆုံး သရုပ်ဆောင် မင်းသားဖြစ်ခဲ့သူ John Gilbert ကို မှီငြမ်းထားတာ ဖြစ်ပါတယ်။

◼ ‘The Great Lover’, ‘The Big Prade’ နဲ့ ‘Flesh and the Devil’ တို့က Gilbert ရဲ့ နာမည်အကြီးဆုံး ဇာတ်ကားတွေ ဖြစ်ပြီး သူ့ရဲ့ ကိုယ်ဟန် အမူအရာ၊ မျက်နှာအနေအထားနဲ့ သရုပ်ဆောင်ချက်တွေက ဆရာကျလွန်းတယ်လို့ ဆိုကြတယ်။

◼ အသံထွက် ရုပ်ရှင်တွေ တစ်ခေတ်ဆန်းလာတော့ Gilbert အနေနဲ့ ခေတ်ကို အမှီလိုက်ဖို့ ကြိုးစားခဲ့ပေမယ့် သြတောတော သူ့အသံ၊ အရက်စွဲနေတဲ့ အပြင် သူနဲ့ အလုပ်လုပ်ရတာ ခက်ခဲတာတွေကြောင့် Gilbert အနေနဲ့ ဇာတ်ကားရိုက်ရမှုတွေ နည်းသည်ထက်နည်းလာခဲ့ပါတော့တယ်။

◼ Babylon ထဲမှာတော့ ကျရှုံးမှု ဒဏ်ကို မခံနိုင်တော့တဲ့ Jack Conrad တစ်ယောက် ကိုယ့်ကိုယ်ကို သတ်သွားတာကို မြင်ခဲ့ရပါတယ်။


Diego Calva as Manny Torres

◼ Paul Robeson နဲ့ Fredi Washington တို့ သရုပ်ဆောင်ထားပြီး ဒါရိုက်တာ Dudley Murphy ရိုက်ကူးတဲ့ ၁၉၃၃ ရုပ်ရှင် ‘The Emperor Jones’ ရဲ့ မတည်းဖြတ်ရသေးတဲ့ ဖလင်အကြမ်းကို Studios ဘက်က ကြည့်ပြီးတဲ့အခါမှာ Washington ရဲ့ အသားအရေက Robeson နဲ့ ယှဉ်ရင် လူဖြူတစ်ယောက်လို ဖြစ်နေတာကြောင့် Washington ကို အနက်ရောင် မိတ်ကပ်လိမ်းခိုင်းပြီး ရုပ်ရှင်ကို ပြန်လည်ရိုက်ကူးစေခဲ့တဲ့ စိတ်မချမ်းသာ စရာ အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့ပါတယ်။

◼ Babylon ထဲမှာ Manny က Sydney Palmer ကို အနက်ရောင် မိတ်ကပ်လိမ်းပြီး သရုပ်ဆောင်စေခဲ့တာက ဒီအကြောင်းအရာကို Reference ယူထားတာဖြစ်ပြီး တကယ့်ဘဝက ဒါရိုက်တာ Dudley Murphy ကို မှီငြမ်းပြီးတော့ဖန်တီးခဲ့တာပါ။ ဖြတ်ထိုးဉာဏ်ကောင်းသလို Nellie LaRoy ကို တမ်းတမ်းစွဲ ချစ်မိနေသူ Manny Toress နေရာမှာ Diego Calva က သရုပ်ဆောင်ထားပါတယ်။


Li Jun Li as Lady Fay Zhu

◼ နောက်တစ်ယောက်ကတော့ side character who stole the movie လို့ ပြောရမယ့် Lady Fay Zhu ပါ။ Lady Fay Zhu နဲ့ Jack Conrad တို့ရဲ့ ကြည်နူးစရာကောင်းတဲ့ သူငယ်ချင်းဆက်ဆံရေးကို မြင်ခဲ့ရပြီး တစ်ခန်းဆို တစ်ခန်း အကောင်းဆုံး မြင်တွေ့ခဲ့ရပါတယ်။

◼ Lady Fay Zhu ဇာတ်ကောင်က Hollywood ရဲ့ ပထမဦးဆုံး အမေရိကန်-တရုတ် လူမျိုး အမျိုးသမီးသရုပ်ဆောင် ငွေကြယ်ပွင့် အဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ Ana May Wong ကို ရည်ရွယ်ပါတယ်။

◼ Wong ရဲ့ ပထမဦးဆုံး Hollywood ခြေလှမ်းက သူမ ဆယ်ကျော်သက် အရွယ်တုန်းက မိဘတွေရဲ့ ခွင့်ပြုချက်မရပဲ ၁၉၁၉ ရုပ်ရှင် ‘The Red Lantern’ ရုပ်ရှင်မှာ အခြား အမျိုးသမီး သရုပ်ဆောင် ၃၀၀ နဲ့အတူ ပါဝင်ခဲ့တာဖြစ်ပြီး သူမရဲ့ ပထမဦးဆုံး main lead role ကိုတော့ ၁၉၂၂ ရုပ်ရှင် ‘The Toll of the Sea’ ရုပ်ရှင်မှာ ရရှိခဲ့ပါတယ်။

◼ Babylon ထဲမှာတော့ Lady Fay Zhu က ဉရောပကို ၁၉၃၀ နှစ်လယ်မှာ ထွက်သွားတာဖြစ်ပြီး အပြင်ဘဝက Ana May Wong က ၁၉၂၈ မှာကတည်းက ဉရောပကို ထွက်ခွာသွားခဲ့ပြီးပဲ ဖြစ်ပါတယ်။

◼ တည်ငြိမ် အေးဆေးပြီး နှစ်လိုဖွယ်ရာ အမူအရာနဲ့ Lady Fay Zhu နေရာမှာ Li Jun Li က သရုပ်ဆောင်ထားပါတယ်။


Tobey Maguire as John McKay

◼ Babylon မှာ ပါခဲ့သမျှ ဇာတ်ကောင်တွေက အပြင်မှာ တကယ်ရှိခဲ့တဲ့သူတွေနဲ့ သူတို့ကို References ပြီး ဖန်တီးထားတာတွေချည်းပါပဲ။

◼ ဒီရုပ်ရှင်နဲ့ ပတ်သက်ပြီး ရယ်စရာကောင်းတာက Tobey Maguire ရဲ့ ဇာတ်ကောင် John McKay က အပြင်မှာ တကယ်မရှိခဲ့တဲ့အပြင် ဘယ်သူ့ကိုမှီငြမ်းပြီးဖန်တီးထားတာ မဟုတ်ဘူးဆိုတဲ့ အကြောင်းကြောင့်ပါ။

◼ အဲဒါနဲ့ နည်းနည်း ဟိုရှာ ဒီရှာလုပ်လိုက်တော့ Babylon ရုပ်ရှင်ထဲမှာ Nellie LaRoy နဲ့ Manny Torres တို့ အဆုံးသတ်ချိန် ခုနှစ် ဝန်းကျင်က LA ဒုစရိုက်လောကကို မင်းမူခဲ့တဲ့ လူတစ်ယောက်ကို သွားတွေ့ပါတယ်။

◼ သူ့နာမည်က Jack Dragna လို့ခေါ်ပြီး မာဖီးယားအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့အပြင် ၁၉၃၁ ခုနှစ်မှာ Los Angeles Crime Family ရဲ့ boss ဖြစ်လာခဲ့ပြီးနောက် သူသေဆုံးချိန် ၁၉၅၆ ထိ LA ရဲ့ လူမိုက်လောကကို အုပ်စိုးသွားခဲ့ပါတယ်။

◼ ဒါပေမယ့် ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး Babylon ဒါရိုက်တာ Damien Chazelle က ဘာမှအတည်မပြုထားတာကြောင့် Jack Dragan ရဲ့ ပုံကို မဖော်ပြတော့ပါဘူး။


◼ အသံတိတ် ရုပ်ရှင်ခေတ်မှာကတည်းက အမျိုးသမီးတွေဟာ ပညာရှင်ပိုင်းဆိုင်ရာ နယ်ပယ်တွေဖြစ်တဲ့ ဇာတ်ညွှန်းရေးသားခြင်း၊တည်းဖြတ်ခြင်း၊ ရိုက်ကူးရေးနဲ့ ထုတ်ဝေသူတွေအဖြစ် ရုပ်ရှင်နယ်ပယ်မှာ အခြေချခဲ့ကြပါတယ်။

◼ ဒီအမျိုးသမီးတွေထဲမှာမှ Dorothy Arzner, Alice Guy Blaché နဲ့ Lois Webe တို့သုံးဦးဟာ အထင်ကရတွေဖြစ်ခဲ့ပြီး Lois Webe ဆို ရုပ်ရှင်ကားပေါင်း 150 ဝန်းကျင်ထိကို ဖန်တီးခဲ့တာပါ။

◼ ဒါပေမယ့်လည်း သူတို့သုံးဦးရဲ့ လက်ရာတော်တော်များများက အခုအချိန်မှာ ပျောက်ဆုံးသွားခဲ့ပါပြီ။

◼ အသံတိတ်ရုပ်ရှင်ခေတ်ရဲ့ အမျိုးသမီးဒါရိုက်တာတွေဖြစ်တဲ့ သူတို့သုံးဦးကို Babylon ထဲမှာ တစ်ဦးတည်းအဖြစ် Ruth Adler ဆိုပြီး ဖန်တီးထားပါတယ်။

◼ Ruth Adler ရဲ့နေရာကိုတော့ Damien Chazelle ရဲ့ ဇနီးသည်ဖြစ်သူ Olivia Hamilton က သရုပ်ဆောင်ထားပါတယ်။


Margot Robbie ရဲ့ Nellie LaRoy ကို Clara Bow, Joan Crawford, Jeanne Eagels, Alma Rubens နဲ့ Thelma Todd စတဲ့ အမျိုးသမီးသရုပ်ဆောင်ငါးယောက်ကို မှီငြမ်းပြီးဖန်တီးခဲ့ပါတယ်။


မင်းသား Jovan Adepo သရုပ်ဆောင်ထားတဲ့ Sidney Palmer ဇာတ်ကောင်ကိုတော့ အပြင်ဘဝက Duke Ellington နဲ့ Sidney Easton တို့နှစ်ယောက်ကိုမှီငြမ်းပြီးဖန်တီးခဲ့ပါတယ်။


Jack Conrad ဇာတ်ကောင်က ၁၉၂၀ အသံတိတ်ရုပ်ရှင် လောကမှာ အအောင်မြင်ဆုံး သရုပ်ဆောင် မင်းသားဖြစ်ခဲ့သူ John Gilbert ကို မှီငြမ်းပြီးဖန်တီးခဲ့ပါတယ်။


Manny Torres နေရာကိုတော့ ဒါရိုက်တာ Dudley Murphy မှီငြမ်းပြီးဖန်တီးခဲ့ပါတယ်။


Li Jun Li ရဲ့ Lady Fay Zhu ဇာတ်ကောင်က Hollywood ရဲ့ ပထမဦးဆုံး အမေရိကန်-တရုတ် လူမျိုး အမျိုးသမီးသရုပ်ဆောင် ငွေကြယ်ပွင့် အဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ Ana May Wong ကို ရည်ရွယ်ပါတယ်။


ပရိသတ်တွေကရော Babylon အပေါ် ဘယ်လိုသဘောရပါသလဲ။

Post a Comment

0 Comments