Jonathan Majors မှာ လုံးဝအပြစ်မရှိကြောင်း ၎င်း၏အကျိုးဆောင်ရှေ့နေပြောလာ
မတ် ၂၇၊ ၂၀၂၃။
◼ Creed III နဲ့ Marvel ရုပ်ရှင် Ant-Man & the Wasp: Quantumania တို့မှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင် Jonathan Majors ဟာ အသက် ၃၀ အရွယ်အမျိုးသမီးတစ်ဦးအပေါ် လက်ရောက်အကြမ်းဖက်မှုကျူးလွန်တယ် ဆိုတဲ့ စွဲချက်နဲ့ ယမန်နေ့ကပဲ အမေရိကန်နိုင်ငံ၊ နယူးယောက်ခ်မြို့မှာ အဖမ်းခံခဲ့ရပါတယ်။
◼ နယူးယောက်ခ်ရဲဌာနရဲ့ ထုတ်ပြန်ချက်တစ်စောင်အရ အဆိုပါအမျိုးသမီးက သူဟာ Jonathan Majors ရဲ့ လက်ရောက်အကြမ်းဖက်မှုကိုခံခဲ့ရကြောင်း တိုင်ကြားပြောဆိုခဲ့တာဖြစ်ပြီး ဦးခေါင်းနဲ့လည်ပင်းမှာ အသေးစားထိခိုက်ဒဏ်ရာများရရှိခဲ့တဲ့အတွက် ဆေးရုံတက်ကုသမှုခံယူခဲ့ရကြောင်း သိရပါတယ်။
◼ Jonathan Majors ရဲ့ ဥပဒေအကျိုးဆောင်ရှေ့နေ
ကတော့ Jonathan Majors ဟာ အပြစ်ကင်းစင်သူဖြစ်ကြောင်းနဲ့ ဒီစွပ်စွဲချက်တွေကို မကျူးလွန်ခဲ့ကြောင်း သက်သေပြနိုင်တယ်လို့ ဒီကနေ့မှာပြောပြလာပါတယ်။
◼ Jonathan Majors ရဲ့ ရှေ့နေဖြစ်သူ Priya Chowdhary က Jonathan Majors မှာ အပြစ်မရှိကြောင်း အခုလိုပြောလာပါတယ်။
"Jonathan Majors မှာ လုံးဝအပြစ်မရှိပါဘူး၊ သူသိတဲ့အမျိုးသမီးတစ်ယောက်နဲ့ အငြင်းအခုံဖြစ်တဲ့ကိစ္စမှာ သူက ကျူးလွန်ခံရသူဖြစ်ပါတယ်။ ကျွန်မတို့ဘက်ကတော့ သူ့ကိုစွဲထားတဲ့စွဲချက်တွေကိုဖြုတ်ချဖို့ သက်သေတွေကိုစုဆောင်းပြီးတော့ ခရိုင်ဥပဒေအရာရှိရုံးကိုတင်ပြဖို့အမြန်ပြင်ဆင်နေပါတယ်။"
◼ အခင်းဖြစ်ပွားခဲ့တဲ့နေရာမှာရှိခဲ့တဲ့ယာဥ်ဆီကနေရိုက်ကူးထားတဲ့ ဗွီဒီယိုမှတ်တမ်းသက်သေ၊ ကားဒရိုင်ဘာနဲ့ မျက်မြင်သက်သေနှစ်ဦးအပါအဝင် စာဖြင့်ရေးသားဖော်ပြချက်နှစ်စောင်ဟာ လက်ရှိမှာ သက်သေစာရင်းထဲမှာရှိနေတာပါ။
◼ Jonathan Majors ဟာ အဲဒီအမျိုးသမီးအပေါ် ဘယ်လိုလက်ရောက်အကြမ်းဖက်မှုမျိုးကိုမှမကျူးလွန်ခဲ့ကြောင်း၊ အဆိုပါအမျိုးသမီးဟာ ဆေးရုံတက်ကုသခံခဲ့ရတဲ့အတွက် နယူးယောက်ခ်ရဲတွေဟာ Jonathan Majors ကို မဖြစ်မနေထိန်းသိမ်းခဲ့ရတာဖြစ်ကြောင်းနဲ့ စွဲချက်တွေကိုအမြန်ဖြုတ်ချပေးဖို့မျှော်လင့်ကြောင်း Priya Chowdhary က ထပ်မံပြောပြလာပါတယ်။
◼ Jonathan Majors ရဲ့ အကျိုးဆောင်တွေဘက်ကတော့ အဆိုပါထုတ်ပြန်ချက်အကြောင်းအရာကိုငြင်းဆိုထားပါတယ်။ "သူအမှားလုပ်မထားပါဘူး။ သူ့နာမည်ကိုပြန်ရှင်းဖို့နဲ့ ဒီကိစ္စကိုရှင်းဖို့ကျွန်တော်တို့လုပ်နေပါတယ်။" လို့ Jonathan Majors ရဲ့ ပြောရေးဆိုခွင့်ရှိသူဘက်က မှတ်ချက်ပေးထားပါတယ်။
◼ ရဲသတင်းများအရ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၁၄ မိနစ်ခန့်မှာ အရေးပေါ်ဖုန်းခေါ်ဆိုမှုကိုရခဲ့ကြောင်းသိရပါတယ်။ ရဲဘက်သတင်းထုတ်ပြန်ချက်များအရ Jonathan Majors ကို လည်ပင်းညှစ်မှု၊ လက်ရောက်အကြမ်းဖက်မှုနဲ့ အနိုင်ကျင့်ပြုမူမှုတို့နဲ့ အမှုဖွင့်စွဲဆိုထားနိုင်ဖွယ်ရှိနေပါတယ်။
◼ အဲဒီအဖြစ်အပျက်ကြောင့် အမေရိကန်စစ်တပ်နဲ့ Jonathan Majors တို့ရဲ့ ကြော်ငြာကမ်ပိန်းနှစ်ခုဟာ လက်ရှိမှာရပ်ဆိုင်ထားပါတယ်။
Ref: Variety
McGarrett ရေးသည်။
0 Comments