ယူကေအစိုးရပိုင်ဖုန်းများတွင် TikTok သုံးစွဲမှုအား စတင်တားမြစ်လာ
မတ် ၂၀၊ ၂၀၂၃။
◼ ကမ္ဘာတဝှမ်းသုံးစွဲမှုများပြားနေတဲ့ တရုတ်လူမှုကွန်ယက်အက်ပလီကေးရှင်းတစ်ခုဖြစ်တဲ့ TikTok အပေါ် အနောက်နိုင်ငံတွေရဲ့ စိုးရိမ်မှုတွေဟာ မြင့်တက်နေပါတယ်။
◼ TikTok ဟာ သုံးစွဲသူအချက်အလက်တွေကို တရုတ်အစိုးရဆီကိုလွှဲပြောင်းပေးနိုင်တယ်ဆိုပြီး အနောက်အင်အားစုတွေက စိုးရိမ်နေကြတာပါ။
◼ယခုအခါမှာတော့ ယူကေအစိုးရဝန်ကြီးတွေဟာ TikTok အက်ပလီကေးရှင်းတွေကို အစိုးရပိုင်ဖုန်းတွေမှာအသုံးမပြုကြဖို့ မတ် ၁၆ ရက်နေ့မှာ စတင်တားမြစ်လာပြီဖြစ်ပါတယ်။ ဒီလိုတားမြစ်မှုဟာ ကြိုတင်ပြင်ဆင်မှုပြုလုပ်တာမျိုးဖြစ်ပြီး တားမြစ်မှုဟာ ချက်ချင်းအာဏာသက်ရောက်မှာဖြစ်ကြောင်း ယူကေ Cabinet ဝန်ကြီးတစ်ယောက်ဖြစ်တဲ့ Oliver Dowden က ပြောပြလာပါတယ်။
◼ TikTok ရဲ့ ဥရောပဒေသဆိုင်ရာ government relations & public policy ဌာန ရဲ့ ဒုတိယဥက္ကဌ ဖြစ်သူ Theo Bertram ကတော့ ယူကေရဲ့ဒီလိုပိတ်ပင်မှုဟာ တခြားအကြောင်းအရာထက် ပထဝီဝင်နိုင်ငံရေးကြောင့်သာဖြစ်တယ်လို့ထင်မြင်ကြောင်း မှတ်ချက်ပြုလာပါတယ်။
◼ လန်ဒန်မှာရှိတဲ့တရုတ်သံရုံးကတော့ ယူကေရဲ့ဒီလိုအပြုအမူဟာ အကြောင်းအရာထက် နိုင်ငံရေးကိုအခြေခံပြီးပြုလုပ်တယ်လို့မှတ်ယူကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းမှာရှိတဲ့ ယူကေရဲ့စီးပွားရေးနယ်ပယ်အပေါ် အများရဲ့ယုံကြည်ချက်ကိုကျဆင်းစေနိုင်ကြောင်း မှတ်ချက်ပေးထားပါတယ်။
◼ ဆက်လက်ပြီး Cabinet ဝန်ကြီး Oliver Dowden ကတော့ လူတွေကို TikTok မသုံးဖို့ဖိအားမပေးလိုပေမယ့်လည်း လူမှုကွန်ယက်တွေကိုအသုံးမပြုခင်မှာ အဲဒီလူမှုကွန်ယက်ရဲ့ ဒေတာပေါ်လစီတွေကို အရင်လေ့လာစဥ်းစားပြီးမှ အသုံးပြုသင့်ကြောင်း ပြောထားပါသေးတယ်။
◼ယူကေအစိုးရဝန်ကြီးတွေအနေနဲ့ အစိုးရဆက်စပ်ဖုန်းတွေမှာ TikTok ကို အသုံးမပြုနိုင်ပေမယ့်လည်း ၎င်းတို့ရဲ့ပုဂ္ဂိုလ်ရေးဖုန်းတွေမှာတော့အသုံးပြုနိုင်ကြောင်း သိရပါတယ်။
Ref: BBC
McGarrett ရေးသည်။

0 Comments