ကလီယိုပတ်ထရာ documentary ကြောင့် Netflix ကို အီဂျစ်ရှေ့နေတစ်ဦးမှ တရားစွဲဆို
ဧပြီ ၂၀၊ ၂၀၂၃။
◼ အီဂျစ်ဘုရင်မ ကလီယိုပတ်ထရာအကြောင်းကိုတင်ဆက်ပြသထားတဲ့ Netflix ရဲ့ documentary ဇာတ်လမ်းတွဲ Queen Cleopatra ဟာ ပြဿနာများနဲ့စတင်ရင်ဆိုင်နေရပြီဖြစ်ပါတယ်။
◼ Queen Cleopatra ထဲက ဘုရင်မ ကလီယိုပတ်ထရာနေရာမှာ လူမည်းသရုပ်ဆောင််တစ်ယောက်ကိုအသုံးပြုထားတဲ့ကိစ္စနဲ့ အီဂျစ်ရှေ့နေတစ်ဦးဖြစ်တဲ့ Mahmoud al-Semary က Netflix ကို တရားစွဲဆိုလိုက်ပြီဖြစ်ပါတယ်။ Queen Cleopatra ရဲ့ trailer ထွက်လာပြီးတဲ့နောက်မှာ Queen Cleopatra ကို အီဂျစ်နိုင်ငံတစ်ဝှမ်းမှာ ဘယ်လိုမီဒီယာပလက်ဖောင်းကနေမှတစ်ဆင့် ပြသခွင့်မပြုဖို့အတွက် Mahmoud al-Semary က ဥပဒေအရာရှိတစ်ဦးနဲ့အတူ အမှုဖွင့်တရားစွဲဆိုထားတာပါ။ ဒါ့အပြင် Queen Cleopatra ရဲ့ ထုတ်လုပ်သူနဲ့တာဝန်ရှိသူတွေအကုန်လုံးကို ထိရောက်တဲ့အရေးယူမှုတွေပြုလုပ်ဖို့ Mahmoud al-Semary က အဆိုပါတရားစွဲဆိုမှုနဲ့အတူ ပူးတွဲတောင်းဆိုထားကြောင်းလည်း Egyptian Independent သတင်းအရ သိရပါတယ်။
◼ Queen Cleopatra documentary ဟာ အီဂျစ်သမိုင်းကို လမ်းလွဲထင်ယောင်ထင်မှားဖြစ်စေပြီး သမိုင်းအမှားကိုဖြစ်စေတယ်လို့ Mahmoud al-Semary ရဲ့ အမှုတွဲစာမှာဖော်ပြထားပါတယ်။ ဒါ့အပြင် သမိုင်းအကြောင်းအရာကို ပုံစံအသစ်နဲ့ဆန်းသစ်ဖော်ဆောင်မှုဟာ ရာဇဝတ်မှုမြောက်ကြောင်း ပြောဆိုထားသလို Queen Cleopatra documentary ရဲ့ ဖန်တီးသူတွေကိုလည်း ပြစ်တင်ရှုံ့ချထားပါတယ်။
◼ အီဂျစ်နိုင်ငံရဲ့ ရှေးဟောင်းသုတေသနဝန်ကြီးဟောင်းဖြစ်သူ Zahi Hawass ကလည်း Queen Cleopatra ဇာတ်လမ်းတွဲဟာ မှားယွင်းတဲ့အကြောင်းအရာတစ်ခုဖြစ်ကြောင်းကိုအခုလိုမှတ်ချက်ပေးထားပါတယ်။
"ဒါကြီးက လုံးဝအတုကြီး။ ကလီယိုပတ်ထရာက ဂရိလေ၊ ဆိုလိုတာက သူကဆံပင်ရွှေရောင်နဲ့လူလေ၊ လူမည်းမဟုတ်ပါဘူး။"
◼ Queen Cleopatra documentary ဟာ အပိုင်းလေးပိုင်းပါဝင်မှာဖြစ်ပြီး African Queens ဇာတ်လမ်းတွဲရဲ့ခေါင်းစဥ်အောက်ကနေပြသမှာဖြစ်ပါတယ်။ ကလီယိုပတ်ထရာအဖြစ် သရုပ်ဆောင် Adele James က သရုပ်ဆောင်ထားပြီး မေလထဲမှာပြသမှာပါ။
◼ ဒီ documentary ဟာ လက်ရှိနိုင်ငံတကာမှာအပြောများနေတဲ့ documentary တစ်ခုဖြစ်ပြီး အင်တာနက်ပေါ်ကဝေဖန်မှုတွေလည်းဆူညံနေပါတယ်။ အီဂျစ်ရှေ့နေရဲ့တရားစွဲဆိုမှုအပေါ်မှာ Netflix ဘက်က တစ်စုံတစ်ရာတုံ့ပြန်ခြင်းမရှိသေးပါဘူး။
Photo: Netflix
Ref: Egyptian Independent
McGarrett ရေးသည်။
0 Comments