Ocean's Eleven မှာ ပါဝင်ဖို့ငြင်းခဲ့တဲ့ Johnny Depp နဲ့ Mark Wahlberg
ဧပြီ ၂၀၊ ၂၀၂၃။
◼ George Clooney, Brad Pitt, Matt Damon, Julia Roberts, Don Cheadle နဲ့ သရုပ်ဆောင်များစွာပါဝင်ခဲ့တဲ့ ၂၀၀၁ ရုပ်ရှင် Ocean's Eleven ဟာ ပရိသတ်အားပေးမှုကိုတခဲနက်ရရှိခဲ့တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။
◼ ဒါရိုက်တာ Steven Soderbergh ရဲ့ Ocean's Eleven မှာ အဲဒီသရုပ်ဆောင်တွေအပြင် နောက်ထပ်သရုပ်ဆောင်နှစ်ယောက်ကိုလည်း ထည့်သွင်းဖို့စီစဥ်ခဲ့ပေမယ့်လည်း ငြင်းခဲ့ကြပါသေးတယ်။
◼ Ocean's Eleven မှာ သရုပ်ဆောင် Johnny Depp နဲ့ Mark Wahlberg တို့ကို ကမ်းလှမ်းခဲ့ကြကြောင်းကို TCM Classic Film Festival က အမေးအဖြေကဏ္ဍတစ်ခုမှာ သရုပ်ဆောင် George Clooney နဲ့ ဒါရိုက်တာ Steven Soderbergh တို့က ပြောပြလာပါတယ်။
◼ Johnny Depp နဲ့ Mark Wahlberg တို့ကို Ocean's Eleven မှာ ပါဝင်ဖို့အတွက် ကမ်းလှမ်းခဲ့ဖူးကြောင်းကို George Clooney နဲ့ Steven Soderbergh တို့က အဆိုပါ TCM Classic Film Festival က အမေးအဖြေကဏ္ဍမှာ အခုလိုပြောပြလာပါတယ်။
"Steven (Steven Soderbergh) က Erin Brockovich နဲ့ Traffic တို့ကို ရိုက်ပြီးခါစပဲရှိသေးတယ်။ အဲချိန်မှာ နှစ်ကားစလုံးက အော်စကာဆန်ခါတင်ဝင်ထားတော့ လူတိုင်းကသူနဲ့အလုပ်လုပ်ချင်နေကြတာပေါ့။" လို့ George Clooney က ပြောလာပါတယ်။
အဲဒီနောက်မှာတော့ Steven Soderbergh က "ပြောကြတာပါပဲ။ တချို့ကျတော့လဲငြင်းကြပါတယ်လေ။" လို့ ထပ်မံမှတ်ချက်ပြုလာပါတယ်။
Steven Soderbergh ရဲ့ မှတ်ချက်ကို ထောက်ပံ့ရန်အတွက် George Clooney က "ငြင်းကြတာပေါ့။ တချို့နာမည်ကြီးတဲ့လူတွေဆိုရင် ကျွန်တော်တို့ကိုနှင်လွှတ်တာဗျာ။ Mark Wahlberg, Johnny Depp, နောက်ထပ်ရှိသေးတယ်၊ အခုတော့သူတို့နောင်တရကုန်ကြပြီ။ ကျွန်တော်ကတော့ အဲဒီသောက်လင်းနို့လူသားလုပ်မိတာကိုပဲနောင်တရမိတာပါပဲ။" လို့ ပြောလာပါတယ်။
◼ Johnny Depp နဲ့ Mark Wahlberg တို့ဘက်ကတော့ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာပြောဆိုလာခြင်းမရှိသေးပါဘူး။ ဘယ်လိုအကြောင်းအရင်းကြောင့် Johnny Depp နဲ့ Mark Wahlberg ဟာ Ocean's Eleven မှာ ပါဝင်ဖို့ငြင်းခဲ့လဲဆိုတာကိုလည်း George Clooney နဲ့ Steven Soderbergh တို့က မပြောခဲ့ပါဘူး။
◼ George Clooney ဟာ ၁၉၉၇ ရုပ်ရှင် Batman and Robin မှာ Batman အဖြစ် သရုပ်ဆောင်ခဲ့တာပါ။
◼ Ocean's Eleven မှာ ပါဝင်ဖို့အတွက် သရုပ်ဆောင် Julia Robert ကို ကမ်းလှမ်းတဲ့ပုံကိုလည်း George Clooney က အခုလိုပြောလာပါတယ်။
"Julia ဆီကို ကျွန်တော်တို့ ဇာတ်ညွှန်းတစ်စောင်နဲ့ စာတစ်စောင်ပို့လိုက်တယ်။ စာထဲမှာက 'ခင်ဗျားက အခုရုပ်ရှင်တစ်ကားကို ဒေါ်လာ ၂၀ တောင်းတယ် ဆို' ရေးထားတယ်။ ပြီးကျ ၂၀ တန်တစ်ရွက်ပါပို့လိုက်တယ်။ ဟိုက ရယ်တာပေါ့၊ ပြီးကျ သူချက်ချင်းပါလာတာပါပဲ။"
◼ Ocean's Eleven ဟာ ကန်ဒေါ်လာ သန်း ၄၅၀ ကျော် ရုံတင်ငွေရရှိခဲ့သလို Ocean's Twelve, Ocean's Thirteen နဲ့ Sandra Bullock နဲ့ Cate Blanchett တို့ရဲ့ Ocean's Eight တို့လည်း ထွက်ရှိခဲ့ပါတယ်။
◼ ယခုအခါမှာတော့ Warner Bros. Discovery ဟာ Ocean's Eleven ကို Ryan Gosling နဲ့ Margot Robbie တို့နဲ့ နောက်တစ်ကြိမ် remake ပြန်လည်ရိုက်ကူးတော့မှာဖြစ်ပြီး အဲဒီ remake ဟာ ၁၉၆၀ ကာလက ဥရောပအခြေအနေကို ဇာတ်အိမ်တည်ထားကြောင်းသိရှိရပါတယ်။
◼ Ryan Gosling နဲ့ Margot Robbie တို့ရဲ့ Ocean's Eleven remake ကို ၂၀၁၉ ရုပ်ရှင် Bombshell ရဲ့ ဒါရိုက်တာ Jay Roach က ရိုက်ကူးပေးမှာဖြစ်ပြီး ၂၀၂၄ နွေရာသီမှာရုံတင်ပြသဖွယ်ရှိနေပါတယ်။
Ref: Variety
McGarrett ရေးသည်။
0 Comments