ကိုယ်ပိုင်ကလီယိုပတ်ထရာရုပ်ရှင်ရိုက်ကူးဖို့ အီဂျစ်ပညာရှင်တစ်ဦးမှ အီဂျစ်ရုပ်ရှင်ကုမ္ပဏီတစ်ခုကိုတိုက်တွန်း
မေ ၅၊ ၂၀၂၃။
◼ လာမယ့် မေ ၁၀ မှာ ပြသမယ့် Netflix ရဲ့ documentary drama ဇာတ်လမ်းတွဲ Queen Cleopatra ဟာ အာဖရိကန်-ဗြိတိန်သရုပ်ဆောင်တစ်ယောက်ကို ကလီယိုပတ်ထရာနေရာမှာအသုံးပြုထားတဲ့အတွက် ယနေ့အချိန်အထိ ပြင်းထန်စွာဝေဖန်ခံနေရပါတယ်။
◼ အီဂျစ်နိုင်ငံတွင်းမှာသာမက နိုင်ငံတကာက သမိုင်းသုတေသီတွေကလည်း Queen Cleopatra ဟာ သမိုင်းတစ်ခုလုံးကိုပြောင်းလဲပစ်တဲ့သမိုင်းအမှားဇာတ်လမ်းတွဲဖြစ်တယ်ဆိုပြီး ဝေဖန်ထောက်ပြနေကြပေမယ့်လည်း Netflix နဲ့ Queen Cleopatra ရဲ့ ထုတ်လုပ်သူ Jada Pinkett-Smith တို့ဘက်ကတော့ တစ်စုံတစ်ရာဖြေရှင်းခြင်းမရှိသေးပါဘူး။
◼ အီဂျစ်နိုင်ငံ ရှေးဟောင်းသုတေသနဝန်ကြီးဌာနရဲ့ဝန်ကြီးချုပ်ဟောင်း ရှေးဟောင်းသုတေသနပညာရှင် Zahi Hawass ကတော့ Queen Cleopatra ရဲ့ သမိုင်းအမှားကိုချေဖျက်ဖို့အတွက် ကိုယ်ပိုင် အင်္ဂလိပ်စကားပြော ကလီယိုပတ်ထရာရုပ်ရှင်တစ်ကားရိုက်ကူးပေးဖို့ အီဂျစ်ရုပ်ရှင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Egyptian United Media Services ကို တိုက်တွန်းလာပါတယ်။
◼ Zahi Hawass က အီဂျစ်နိုင်ငံဘက်ကလည်း ကိုယ်ပိုင်ကလီယိုပတ်ထရာရုပ်ရှင်တစ်ကားကို အင်္ဂလိပ်ဘာသာစကားနဲ့ Discovery ရုပ်သံလိုင်းလို နာမည်ကျော်တီဗွီလိုင်းတစ်ခုကနေပြသသင့်တယ်လို့ Al-Nahar ရုပ်သံလိုင်းနဲ့ တယ်လီဖုန်းအင်တာဗျူးတစ်ခုမှာ မှတ်ချက်ပေးလာခဲ့တာပါ။
◼ Netflix Queen Cleopatra ရဲ့ trailer ထွက်လာတဲ့နောက်မှာ ၁၅ နှစ်အရွယ် အီဂျစ်အထက်တန်းကျောင်းသူတစ်ယောက်ဟာ ကလီယိုပတ်ထရာအကြောင်းရုပ်ရှင်တိုတစ်ခုကို ၎င်းကိုယ်တိုင်ဖန်တီးခဲ့တဲ့အကြောင်းကိုလည်း Zah Hawass က မှတ်ချက်ပြုခဲ့ပါသေးတယ်။
◼ အီဂျစ်ဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့ Bassem Youssef ကလည်း Queen Cleopatra ဟာ ၎င်းတို့နိုင်ငံရဲ့ယဥ်ကျေးမှုကိုတိုက်ရိုက်စော်ကားတာဖြစ်တယ်လို့ Twitter ကနေတစ်ဆင့် မှတ်ချက်ပြုထားပါတယ်။
◼ Queen Cleopatra ဟာ ပဋိပက္ခတွေကို ပိုမိုမြင့်မားစွာဖြစ်ပေါ်စေလျက်ရှိနေပြီး အီဂျစ်နိုင်ငံက လူငယ်တွေဟာ Twitter လူမှုကွန်ယက်ကနေတစ်ဆင့် #مصر_للمصريين (Egypt for Egyptians) ဆိုတဲ့ ကမ်ပိန်းတစ်ခုပြုလုပ်ပြီး Queen Cleopatra ကို ဆန့်ကျင်နေကြပါတယ်။ ဒီကမ်ပိန်းကတော့ အီဂျစ်လူငယ်တွေဟာ ၎င်းတို့ရဲ့မျက်နှာတစ်ဝက်နဲ့ အီဂျစ်ဖာရိုဘုရင်နဲ့ဘုရင်မတွေရဲ့မျက်နှာတစ်ဝက်ကို ဓာတ်ပုံမှာပူးတွဲဖော်ပြတဲ့ကမ်ပိန်းဖြစ်ပါတယ်။ အီဂျစ်နိုင်ငံဘက်ကလည်း Queen Cleopatra ကို ဖျက်သိမ်းပေးဖို့ တရားဝင်စာထုတ်တောင်းဆိုထားပါသေးတယ်။
◼ Queen Cleopatra မှာ သရုပ်ဆောင် Adele Janes က ကလီယိုပတ်ထရာအဖြစ်ပါဝင်ထားပါတယ်။ ကလီယိုပတ်ထရာဟာ Alexander the Great ရဲ့ သက်တော်စောင့်စစ်သူကြီးဖြစ်သူ Ptolemy I Soter ရဲ့ မျိုးဆက်ဖြစ်ပြီး ဘီစီ ၅၁ ကနေ ဘီစီ ၃၀ အထိ အီဂျစ်နိုင်ငံကိုအုပ်ချုပ်ခဲ့သူဖြစ်ပါတယ်။
Ref: Egypt Independent
McGarrett ရေးသည်။
0 Comments