Porpular

6/recent/ticker-posts

အကောင်းနဲ့အဆိုးကြားက နံရံတစ်ချပ်

အကောင်းနဲ့အဆိုးကြားက နံရံတစ်ချပ်

I Saw the Devil (2010) | Spoiler သတိပြုရန်


မတ် ၂၀၊ ၂၀၂၃။

(တစ်ဦးတည်းအမြင်သာဖြစ်ပါသည်)

◼ Christopher Nolan ရဲ့ The Dark Knight မှာ Joker ဇာတ်ကောင်က လူဆိုတာလူပဲ၊ လူတွေအားလုံးပြောင်းလဲတတ်တယ်၊ အခြေအနေတစ်ခုဖြစ်သွားဖို့လိုတယ် ဆိုတာကို ပြသဖို့အတွက် ပြယုဂ်တစ်ခုဖြစ်တယ်။ အားလုံးကချစ်ရလေးစားရတဲ့ Gotham မြို့က ခရိုင်ဥပဒေအရာရှိ Harvey Dent ကိုတောင် လမ်းမှားသွားတဲ့အခြေအနေဖြစ်သွားအောင် အခြေအနေတစ်ခုပဲလိုခဲ့တာပါပဲ။

◼ ၂၀၁၀ က ထွက်ခဲ့တဲ့ လီဗြောင်ဟွန်းနဲ့ချွဲမင်ဆစ်ရဲ့ ကိုရီးယားရုပ်ရှင် I Saw the Devil မှာလည်း ဒီလိုသဘောတရားမျိုးပါလာတယ်။ ဇာတ်လမ်းသဘောအနှစ်ချုပ်က လှည့်ကွက်တွေဘာတွေညာတွေမပါပဲနဲ့ ရိုးရိုးရှင်းရှင်းသဘောလေး။ လူတစ်ယောက်ရဲ့မိန်းမကို ကွင်းဆက်လူသတ်သမားတစ်ယောက်ကသတ်လိုက်တယ်၊ အဲဒီလူသတ်သမားကို ဟိုတစ်ယောက်ကလိုက်ရှာပြီးပြန်သတ်တယ်။ ဒါပဲ။ 

◼ လူတစ်ယောက်က ပိုပြီးကောင်းတဲ့လူကောင်းတစ်ယောက်ဖြစ်သွားဖို့၊ ဒါမှမဟုတ် ပိုဆိုးတဲ့ရက်စက်တဲ့လူတစ်ယောက်ဖြစ်ဖို့၊ ဒါမှမဟုတ် သူ့ကိုယ်သူတောင်ပြန်မမှတ်မိနိုင်တဲ့လူတစ်ယောက်ဖြစ်သွားဖို့ စည်းတစ်ခုပဲခြားထားတယ် လို့ ပြောရင် ခင်ဗျားတို့ယုံကြမလား။ I Saw the Devil မှာ လူသာမန်တစ်ယောက်ကနေ နတ်ဆိုးတစ်ယောက်လိုရက်စက်တဲ့သူအထိဖြစ်သွားဖို့ အခြေအနေတစ်ခုပဲလိုတယ် ဆိုတာကိုတော့ ပြသွားခဲ့ပါတယ်။

◼ ဂျောင်းချွဲ (ချွဲမင်ဆစ်) ကို ကင်ဆူဟွန်း (လီဗြောင်ဟွန်း) က ဖန်လုံအိမ်စိုက်ခင်းမှာ ကျောက်တုံးနဲ့ထုသတ်လုဆဲဆဲမှာ ကင်ဆူဟွန်းဟာ စည်းကိုစပြီးကျော်လိုက်ပြီ ဆိုတာကို သိသိသာသာတွေ့ရပါတယ်။ ဒါပေမယ့် ဒါကလဲဖြစ်သင့်တဲ့သဘောတရားပါပဲ။ ကိုယ့်မိန်းမကိုသတ်သွားတဲ့လူကို တစ်ချက်တည်းနဲ့ထုသတ်မယ့်အစား ခဏခဏဒုက္ခပေးပြီ ဖြေးဖြေးချင်းမျှဥ်းသတ်ချင်တဲ့သူ့ရဲ့စိတ်ဟာ နားလည်နိုင်ကြပါတယ်။

◼ ကင်ဆူဟွန်းတစ်ယောက် သူ့ကိုယ်သူအဲဒီစည်းကိုကျော်ခွင့်ပေးလိုက်ပြီး ဒီလူသတ်သမားထက်ပိုပြီးရက်စက်တဲ့လူဖြစ်လာတယ်ဆိုတာကို လူသားစားတဲ့ဇာတ်ဝင်ခန်းမှာ သားသတ်သမားရဲ့ပြောဆိုမှုတွေကနေ မြင်တွေ့နိုင်ပါတယ်။ မသိစိတ်ထဲမှာလည်း ဒီလိုမျိုးထိုးလိုက်ရိုက်လိုက်၊ ပြန်လွှတ်ပေးလိုက်၊ လိုက်ဖမ်းပြီးထိုးလိုက်ရိုက်လိုက်လုပ်နေတာကို ကျေနပ်နေပုံပါပဲ။

◼ I Saw the Devil မှာ ကျွန်တော်တို့အဓိကမြင်ခဲ့ရတဲ့ မကောင်းဆိုးဝါးသုံးယောက်ရှိတယ်။ မိန်းကလေးတွေကို သွေးအေးအေးနဲ့ သတ်ဖြတ်မုဒိမ်းကျင့်တဲ့ ဂျောင်းချွဲ၊ လူသားစားတဲ့သားသတ်သမားနဲ့ ကလဲ့စားလိုက်ချေတဲ့ ကင်ဆူဟွန်း ဟာ သူတို့ချင်းမြင်ခဲ့ရတဲ့ မကောင်းဆိုးဝါးတွေပါပဲ။ 

◼ ဂျောင်းချွဲရဲ့မကောင်းဆိုးဝါးဆန်မှုကတော့ နောက်ဆုံးအချိန်အထိတောင် သူဟာ သူလုပ်တာတွေကိုသူနောင်တမရခဲ့ဘူးဆိုတဲ့အရိပ်အယောင်တွေအရသိနိုင်ပါတယ်။

◼ တစ်ကားလုံးရဲ့အဓိကအသက်ကတော့ နောက်ဆုံးဇာတ်သိမ်းပိုင်းပါပဲ။ နောက်ဆုံးမှာ ဂျောင်းချွဲကိုသတ်လိုက်ပြီး ကင်ဆူဟွန်းတစ်ယောက် ငိုခဲ့တယ်။ သူဟာသူ့ကိုယ်သူမကောင်းဆိုးဝါးအဖြစ်ပြောင်းလဲလိုက်ပြီ ဆိုတာကို သူဘာသာသတိထားမိသွားခဲ့တဲ့အတွက် ငိုလိုက်တာပါပဲ။

◼ ကျွန်တော်တို့တွေ ကျော်ခဲ့ရတဲ့စည်းတွေဟာ ကျွန်တော်တို့ကိုယ်တိုင်တောင်မမှတ်မိတော့တဲ့အခြေအနေတွေဖြစ်သွားခဲ့ပြီလား၊ အဲဒီစည်းကိုကျော်ခဲ့ရတဲ့အတွက်ရော ထိုက်တန်ခဲ့ရဲ့လား။ အကောင်းနဲ့အဆိုးရဲ့ကြားမှာ နံရံပါးပါးလေးတစ်ချပ်ပဲရှိနေပြီး အဲဒီနံရံဟာ ပြိုကျဖို့လွယ်ကူတယ်ဆိုတာကတော့ ငြင်းစရာမရှိခဲ့ပါဘူး။

◼ I Saw the Devil မှာ ဘယ်သူကပိုပြီးမကောင်းဆိုးဝါးဖြစ်သွားလဲဆိုတာကတော့ ကျွန်တော်အဖြေရှာလို့မရဆဲပါပဲ။

Ibrahim Khan ရေးသည်။



Post a Comment

0 Comments