James Gunn ရဲ့ DC ကမ်းလှမ်းချက်ကို Ben Affleck အပြတ်ငြင်းခဲ့
DC | မတ် ၁၆၊ ၂၀၂၃။
◼ Warner Bros. Discovery လက်အောက်ခံ DC Studios ရဲ့ DC Universe သစ်ဟာ လက်ရှိမှာ ပထမအဆင့်ထဲက ပရောဂျက်ဆယ်ခုကိုကြေညာအတည်ပြုပြီးဖြစ်ပါတယ်။
◼ အဲဒီပရောဂျက်ဆယ်ခုမှာ DC ဇာတ်ကောင် Batman နဲ့ Batman ရဲ့ သားဖြစ်သူ Damien Wayne အကြောင်း အဓိကပြသမယ့် The Brave and the Bold ဆိုတဲ့ ရုပ်ရှင်တစ်ကားလည်းပါဝင်ပါတယ်။
◼ အစောပိုင်းသတင်းတွေအရ DC Studios ရဲ့ CEO James Gunn ဟာ The Brave and the Bold အပါအဝင် DC Universe သစ်ရဲ့ ရုပ်ရှင်တွေမှာ ယခင် DCEU Batman သရုပ်ဆောင် Ben Affleck ကို ဒါရိုက်တာအဖြစ် တာဝန်ယူရိုက်ကူးပေးဖို့ ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။ သို့ပေမယ့် ယခုအခါမှာ Ben Affleck ဟာ James Gunn ရဲ့ ကမ်းလှမ်းချက်ကိုငြင်းပယ်ပြီး DC Universe သစ်မှာ ပါဝင်လိုစိတ်မရှိကြောင်း အတိအလင်းမှတ်ချက်ပြုလာပါတယ်။
◼ Ben Affleck ဟာ The Hollywood Reporter သတင်းဌာနရဲ့ သီးသန့်အင်တာဗျူးဆောင်းပါးတစ်ခုမှာ DC Universe အသစ်ကို စိတ်ဝင်စားမှုမရှိကြောင်းကို အခုလိုပြောလာပါတယ်။
"ကျွန်တော် James Gunn DC အတွက် ဘာတစ်ခုမှရိုက်ပေးသွားမှာမဟုတ်ပါဘူး။ လုံးဝကိုမလုပ်တာပါ။ James Gunn ကို ဆန့်ကျင်တာတော့မဟုတ်ပါဘူး။ သူကလူကောင်းပါ၊ ကြိုးစားလုပ်ကိုင်နေတဲ့သူပါ။ သူတို့လုပ်နေတဲ့လမ်းကြောင်းထဲကိုဝင်ပြီးမရိုက်ပေးချင်ရုံပါပဲ။ စိတ်မဝင်စားလို့ပါ။"
◼ James Gunn နဲ့ Peter Safren တို့ရဲ့ DC Universe သစ်ဟာ ယခင် DCEU က Superman သရုပ်ဆောင် Henry Cavill, Batman သရုပ်ဆောင် Ben Affleck, Cyborg သရုပ်ဆောင် Rey Fisher နဲ့ Wonder Woman သရုပ်ဆောင် Gal Gadot တို့ကို ထည့်သွင်းအသုံးပြုမှာမဟုတ်ပဲ လူသစ်တွေနဲ့ရိုက်ကူးမှာဖြစ်ပါတယ်။
◼ Ben Affleck ဟာ လာမယ့်ဇွန်လထဲမှာရုံတင်မယ့် The Flash ရုပ်ရှင်မှာ Batman အဖြစ် ပါဝင်ထားခဲ့ပါတယ်။
Ref: THR
McGarrett ရေးသည်။

0 Comments