မရိုက်သင့်တာရိုက်မိလို့ ကင်မရာအသိမ်းခံရတဲ့ Top Gun: Maverick ဒါရိုက်တာ
မတ် ၁၂၊ ၂၀၂၃။
◼ မင်းသားကြီး Tom Cruise ရဲ့ Top Gun sequel ရုပ်ရှင် Top Gun: Maverick ဟာ ၂၀၂၂ ရဲ့ အကောင်းဆုံးရုပ်ရှင်များစာရင်းမှာသာမက ဝင်ငွေ ကန်ဒေါ်လာ ၁.၄၈ ဘီလျံကျော် ရရှိခဲ့တဲ့ အမေရိကန်ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။
◼ Top Gun: Maverick ကို Tron: Legacy နဲ့ Oblivion ဒါရိုက်တာ Joseph Kosinski က ရိုက်ကူးခဲ့တာဖြစ်ပြီး အမေရိကန်လေသူရဲတွေရဲ့ဘဝအကြောင်းကိုအနီးစပ်ဆုံးတူညီအောင်ရိုက်ကူးပြသခဲ့တာပါ။
◼ Top Gun: Maverick ရိုက်ကူးဖို့အတွက် Joseph Kosinski ဟာ အမေရိကန် Navy လျှို့ဝှက်အခြေစိုက်စခန်းတစ်ခုအထိဝင်ရောက်လေ့လာခဲ့ပြီး အဲလိုလေ့လာစဥ်မှာ သာမန်အရပ်သားတွေမသိသင့်မမြင်သင့်တဲ့ စစ်ဘက်ဆိုင်ရာကိစ္စတချို့ကို ဓာတ်ပုံရိုက်ကူးခဲ့တဲ့အတွက် တာဝန်ရှိသူတွေက ကင်မရာသိမ်းခဲ့ပြီး ပုံတွေအကုန်ဖျက်ခဲ့ပြီးမှ ပြန်ပေးခဲ့ကြောင်း Joseph Kosinski က ပြောပြလာပါတယ်။
◼ အမေရိကန် Navy စခန်းအထိသွားရောက်လေ့လာပြီး ကင်မရာအသိမ်းခံခဲ့ရတဲ့အဖြစ်အပျက်ကို Joseph Kosinski က Deadline သတင်းဌာနနဲ့အင်တာဗျူးတစ်ခုမှာ အခုလိုမျိုးပြောလာပါတယ်။
"ကျွန်တော်က Navy ကို နှစ်နှစ်လောက်ဝင်ပြီးလေ့လာချင်တဲ့စိတ်ကူးရှိတယ်။ အရပ်သားတွေမဝင်ရတဲ့နေရာတွေကိုဝင်ရမှဖြစ်မယ်။ အရပ်သားတွေမမြင်သင့်တာတွေကို မြင်ရမှဖြစ်မယ်။ တစ်နေရာဆို ကင်မရာပါအသိမ်းခံရသေးတယ်။"
◼ Navy စခန်းရဲ့တာဝန်ရှိသူက Joseph Kosinski ရဲ့ ကင်မရာကိုသိမ်းယူပြီး ပုံတွေအကုန်ဖျက်ခဲ့ပြီးမှ ပြန်ပေးခဲ့ပုံကိုလည်း Joseph Kosinski က ပြောပြလာပါသေးတယ်။
"ဓာတ်ပုံနည်းနည်းရိုက်တယ်ဗျာ။ အဲမှာမရိုက်သင့်တာရိုက်မိသွားတယ်နဲ့တူတယ်၊ ကင်မရာတော့ချက်ချင်းပြန်ပေးပါတယ်၊ အထဲမှာတော့ဘာပုံမှပါမလာတော့ဘူး။"
◼ ကင်မရာအသိမ်းခံရတဲ့အထိ ဘာတွေကိုရိုက်ကူးမိသွားလဲဆိုတာကိုတော့ Joseph Kosinski က မပြောပြခဲ့ပါဘူး။
◼ Top Gun: Maverick ဟာ ၂၀၂၂ အတွက် ပွဲထွက်အလှဆုံးရုပ်ရှင်တစ်ကားဖြစ်သလို ဝေဖန်ရေးသမားတွေသာမက ဝါရင့်ဒါရိုက်တာကြီးများရဲ့အားပေးမှုကိုလည်းရရှိထားပါတယ်။
Ref: Insider Entertainment
McGarrett ရေးသည်။
0 Comments