Porpular

6/recent/ticker-posts

Bholaa (2023) | အထင်အမြင်

Bholaa (2023) | အထင်အမြင်


Bollywood | ဧပြီ ၁၄၊ ၂၀၂၃။

◼ တမီလ်ဒါရိုက်တာ Lokesh Kanagarj ခေါ် Loki ရဲ့ LCU ရုပ်ရှင် Kaithi ကို Bollywood သရုပ်ဆောင် Ajay Devgn က ကိုယ်တိုင်ဒါရိုက်တာ၊ ပရိုဂျူဆာနဲ့ ခေါင်းဆောင်မင်းသားနေရာကနေ တာဝန်ယူရိုက်ကူးထားတဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ မူးယစ်ဂိုဏ်းတစ်ခုရဲ့ မူးယစ်ဆေးတွေကိုဖမ်းဆီးထိန်းသိမ်းရာကနေ အဲဒီမူးယစ်ဆေးတွေကို မူးယစ်ဂိုဏ်းက ပြန်လည်လုယူရင်းနဲ့ ရဲနဲ့လူဆိုးကြားက အဖြစ်အပျက်တွေကို ဇာတ်အိမ်တည်ထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။

◼ ပထမဆုံးပြောချင်တာက Bholaa ဟာ တကယ့်ပေါကားစစ်စစ်ဖြစ်တယ်ဆိုတာနဲ့ပဲစချင်ပါတယ်။ Ajay Devgn ရဲ့ Bholaa ဇာတ်ကောင်ဟာ Liam Neeseon, Arnold Shwarzengger စတဲ့ အနောက်တိုင်းက အက်ရှင်မင်းသားတွေရဲ့ပုံစံတွေကိုအများကြီးမှီငြမ်းတည်ဆောက်ထားတာကိုတွေ့ရပါတယ်။ Kaithi ရဲ့ Dilli ဇာတ်ကောင်ဟာ သမီးကိုတွေ့ချင်တဲ့အဖေနဲ့ မလွှဲသာလို့ဝင်ကူရတဲ့သာမန်ထောင်ထွက်ဇာတ်ရုပ်ကို ပေါင်းသွားပြီး သာမန်စတိုင်ကနေပုံဖော်ထားတာပါ။ Kaithi ရဲ့ ဇာတ်ကောင်ဟာ ခိုင်မာကျစ်လျစ်မှုရှိပြီး ချန်ခဲ့တဲ့ဟာကွက်တွေက Kaithi 2 အတွက် လမ်းစပေးထားတာဖြစ်ပါတယ်။ Ajay Devgn က Kaithi ရဲ့ ဟာကွက်တွေကို ပြန်ဖြည်ပြီးတော့ ဇာတ်ကောင်ကိုနယ်ပိုချဲ့တဲ့အခါမှာ ရယ်စရာကြီးဖြစ်သွားတယ်။ နောက်ပြီး Kaithi မှာ ချဲ့ကားထားတဲ့နေရာတွေကို Bholaa မှာ လျှော့ချထားတယ်။ ဆိုကြပါစို့၊ ရဲအိမ်ယာဝင်းမှာ Dilli က အိုးထဲကဒန်ပေါက်တွေကိုထည့်ခပ်စားတယ်ဆိုတာမှာ ထောင်ထဲမှာငတ်လို့ အပြင်မှာတဝကြီးစားပစ်တယ် ဆိုတဲ့ ​ပုံစံပေါက်သွားအောင် ပြင်ဆင်ထားတယ်၊ Ajay ရဲ့ Bholaa မှာ ဒီနေရာကိုကြက်ပေါင်နဲ့အစားထိုးပြီး ဇာတ်ကောင်ဝိတ်ကိုလျှော့ချပစ်တယ်။ အဲမှာစလွဲတာပါပဲ။

◼ ရိုက်ကူးရေးအပိုင်းမှာပြင်ဆင်မှုနဲ့ ဆက်တင်တည်ဆောက်မှုက Kaithi ကို မှီဖို့အတတ်နိုင်ဆုံးကြိုးစားထားတယ်။ စတန့်ပြကွက်တွေကောင်းတယ်၊ ဒါပေမယ့် Lokesh Kanagarj ရဲ့ Vikram က စတန့်ပြကွက်တွေကိုလုံးဝမမှီသေးပါဘူး။ နောက်တစ်ခုက Ajay က အရမ်းပဲများတယ်။ ပဲများတယ်ဆိုတာမှာ လုံးဝသည်းခံမရအောင်ပဲများတာပါ။ ဆိုင်ကယ်ဖိုက်တင်ခန်းတွေဖြည့်ထားတယ်၊ ဒါ Kaithi မှာ မပါလာဘူး၊ ဒါပေမယ့် လက်ခံလို့ရတယ်၊ ဒါက ဖန်တီးမှုတစ်ခုဖြစ်တဲ့အတွက်သည်းခံလို့ရတယ်။ ဒါပေမယ့် တစ်ချက်တစ်ချက်ချဖို့အရေး Ajay ရဲ့ ပဲများနေမှုကြီးကိုကြည့်နေရတာတော့ အဆင်မပြေပါဘူး။ ဇာတ်ပို့တွေအရမ်းပေါတယ်၊ ဇာတ်ပို့တွေက သူတို့ရဲ့ဇာတ်ကောင်ကိုမပိုင်နိုင်ဘူး၊ Arpit Ranka တစ်ယောက်ပဲ ဗီလိန်ဇာတ်ရုပ်ကို ပီပီသသလုပ်ပြသွားနိုင်တယ်။ Tabu အနေနဲ့ နောက်ထပ် Ajay နဲ့ ဒီလိုပေါကားတွေဆက်ရိုက်မယ်ဆိုရင်တော့ ရှိခဲ့တဲ့နာမည်လေးပါပျက်သွားနိူင်ပါတယ်။

◼ ပထမပိုင်းတစ်နာရီကျော်မှာတင် Ajay ရဲ့ ပဲများမှုတွေကြောင့် Bholaa ကို ဆက်မကြည့်ချင်လောက်အောင်ဖြစ်ပေမယ့် အက်ရှင်ပိုင်းတွေမှာသပ်ရပ်တာတွေကြောင့် ဆက်ကြည့်ဖြစ်ခဲ့ပါတယ်။ Ravi Basur ရဲ့ background score တွေကလဲ ကြိုက်စရာပါပဲ။

◼ မူရင်း Kaithi မှာ ရဲအရာရှိက အမျိုးသားဖြစ်ပေမယ့် Bholaa မှာ အမျိုးသမီးဖြစ်သွားတယ်။ ဖိုဝါဒီဆန်တယ်ပဲပြောပြော၊ ဘယ်လိုပဲပြောပြော၊ Bholaa ရဲ့ အလားအလာကို Tabu ရဲ့ ဇာတ်ကောင်က ဖျက်ဆီးသွားခဲ့တာပါ။ 

◼ Mid-credit scene တစ်ခုပါလာတယ်။ Surya ရဲ့ Rolex နဲ့ KGF က Sanjay Dutt ရဲ့ Adheera ကို ပုံတူပြန်ကူးထားတယ်။ အဲဒီ mid-credit scene အရ Ajay Devgn ဟာ Kaithi 2 ကို remake ဖို့အထိ ပြင်ဆင်ထားတယ်ဆိုတာကိုတွေ့ရပါတယ်။

◼ Ajay Devgn အနေနဲ့ သရုပ်ဆောင်ထက် ဒါရိုက်တာနေရာကို ပိုပြီးလုပ်ပြသင့်တယ်လို့ ထင်မိပါတယ်။ ရိုက်ကူးမှုပုံစံတွေ၊ shot တွေ သပ်ရပ်လွန်းပါတယ်။ ဒါပေမယ့် မူရင်းကောင်းတဲ့ဇာတ်တွေကို remake ဆက်လုပ်နေမယ်ဆိုရင်တော့ လက်ခုပ်သံထက် အဆဲသံတွေပဲရလာပါလိမ့်မယ်။

MVE Score: 4/10


Post a Comment

0 Comments