Clint Eastwood ရဲ့ နောက်ဆုံးရုပ်ရှင်အတွက် သရုပ်ဆောင်များစတင်ရွေးချယ်
ဧပြီ ၁၅၊ ၂၀၂၃။
◼ ဆယ်စုနှစ်ခြောက်ခုစာအတွင်း ရုပ်ရှင်ကားပေါင်းငါးဆယ်ထက်မနည်းကို သရုပ်ဆောင်နေရာကနေပါဝင်ခဲ့သလို တချို့ရုပ်ရှင်တွေမှာ ဒါရိုက်တာနေရာကနေပါတာဝန်ယူခဲ့ပြီးနောက်မှာ ဟောလိဝုဒ်ရဲ့ဝါရင့်သရုပ်ဆောင်ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Clint Eastwood ဟာ ရုပ်ရှင်လောကကို နှုတ်ဆက်ဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီ။
◼ ရုပ်ရှင်လောကကနေ အနားမယူခင်မှာ Clint Eastwood ဟာ ပရိသတ်တွေအတွက် နောက်ဆုံးရုပ်ရှင်တစ်ကားကိုချန်ထားခဲ့ပေးဦးမှာဖြစ်ပါတယ်။ အဲဒီရုပ်ရှင်ဟာ Juror #2 ဖြစ်ပြီး Clint Eastwood က ဒါရိုက်တာနေရာကနေ တာဝန်ယူရိုက်ကူးသွားမှာဖြစ်သလို Warner Bros. က ဖြန့်ချိပြသသွားမှာဖြစ်ပါတယ်။
◼ Juror #2 မှာ Renfield နဲ့ The Menu သရုပ်ဆောင် Nicholas Hoult နဲ့ Knives Out သရုပ်ဆောင် Toni Collette တို့ ပါဝင်သွားဖို့အတွက်ညှိနှိုင်းဆွေးနွေးနေကြောင်း Deadline သတင်းအရသိရပါတယ်။ Warner Bros. ဘက်ကတော့ Juror #2 ကို ခွင့်ပြုပေးထားပြီးဖြစ်တဲ့အပြင် Clint Eastwood ရဲ့ ၉၃ နှစ်ပြည့်မွေးနေ့ဖြစ်တဲ့ မေ ၃၁ မှာ ရိုက်ကူးရေးစတင်သွားနိုင်ချေရှိနေပါတယ်။
◼ Juror #2 ဟာ ဥပဒေဒရာမာရုပ်ရှင်တစ်ကားဖြစ်ပြီး Nicholas Hoult က ဂျူရီလူကြီးတစ်ယောက်အဖြစ်၊ Toni Collette က ဥပဒေအရာရှိ (ဆွဲချ) အဖြစ် ပါဝင်သွားဖွယ်ရှိပါတယ်။ ဇာတ်လမ်းသဘောကတော့ လူသတ်မှုတစ်မှုအကြောင်းနဲ့ တရားရေးသဘောတွေပါဝင်သွားမှာပါ။
◼ Juror #2 ကို Jonathan Abrams က ဇာတ်လမ်းရေးသားပေးမှာဖြစ်ပြီး Adam Goodman, Tim Moore, Jessica Meier နဲ့ Matt Skiena တို့က ထုတ်လုပ်သူများအဖြစ်၊ Ellen Goldsmith-Vein နဲ့ Jeremy Bell တို့က အမှုဆောင်ထုတ်လုပ်သူအဖြစ် တာဝန်ယူထားကြပါတယ်။
◼ Clint Eastwood ဟာ Unforgiven နဲ့ Million Dollar Baby တို့နဲ့ အော်စကာဆုများရခဲ့သလို Mystic River, Letters From Iwo Jima နဲ့ Angelina Jolie ရဲ့ Changeling တို့ဟာလည်း အော်စကာဆန်ခါတင်ဝင်ခဲ့ပါသေးတယ်။
◼ Gran Torino, Invictus, Sully, American Sniper, Richard Jewell နဲ့ Cry Macho အပါအဝင် ရုပ်ရှင်ကားပေါင်းဆယ်ကားခန့်ကို Clint Eastwood က Warner Bros. အတွက် ရိုက်ကူးပေးခဲ့တာဖြစ်ပါတယ်။
ပုံစာ (ဝဲမှယာ) - Nicholas Hoult, Clint Eastwood, Toni Collette
Ref: Deadline
McGarrett ရေးသည်။
0 Comments