Porpular

6/recent/ticker-posts

Ghosted ရုပ်ရှင်အပေါ် သုံးသပ်ခြင်း

Ghosted (2023) | Review


ဧပြီ ၂၄၊ ၂၀၂၃။

◼ Sadie ဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ Cole ဆိုတဲ့ ကောင်လေးတစ်ယောက် မထင်မှတ်ပဲဆုံမိရာကနေ နှစ်ယောက်အတူတူတစ်ညကုန်ဆုံးခဲ့တယ်။ အဲဒီတစ်ညပြီးတဲ့နောက်မှာ Sadie က Cole ကို Ghost လုပ်သွားတယ်။ အဲမှာ Cole တစ်ယောက် Sadie ရှိတဲ့နေရာကိုလိုက်သွားရာကနေ မထင်မှတ်တဲ့အဖြစ်အပျက်တွေဖြစ်လာခဲ့တယ်။

◼ ဇာတ်လမ်းရဲ့သုံးပုံနှစ်ပုံက အက်ရှင်အပိုင်းတွေပါဝင်ပေမယ့် စိတ်လှုပ်ရှားစရာအက်ရှင်ပြကွက်တွေပါမလာခဲ့ဘူး။ ဇာတ်လမ်းကို ပထမပိုင်းနဲ့ဒုတိယပိုင်း နှစ်ပိုင်းခွဲပြီးကြည့်တဲ့အခါမှာ ပထမပိုင်းမှာရိုးရှင်းသလောက် ဒုတိယပိုင်းမှာရှုပ်ထွေးလာတယ်။ ဒါက ဇာတ်လမ်းအရရှုပ်ထွေးတာမဟုတ်ပဲ ရေးသားတည်ဆောက်တဲ့ပုံစံရှုပ်ထွေးမှုပါ။ အဓိကဇာတ်ကောင်နှစ်ယောက်ကိုဆုံတွေ့ပေးတဲ့ပုံစံဟာ Tom Cruise နဲ့ Cameron Diaz ရဲ့ Knigh and Day လောက်တောင် သပ်ရပ်မှုမရှိပဲ ဖြစ်သလိုလုပ်ထားတယ်။ 

◼ A-list သရုပ်ဆောင်တချို့ကို cameo ထည့်သုံးထားတာကိုတွေ့ရတယ်။ ပြောရရင် ပထမနှစ်ယောက်ရဲ့ cameo တွေက အဆင်ပြေပြေရှိပေမယ့်လည်း နောက်ဆုံး cameo က တော်တော်လေးကိုရုပ်ပေါက်တယ်။ Sadie ရဲ့ ဇာတ်ကောင်ကို ပံ့ပိုးသလိုမဖြစ်ပဲ ဇာတ်လမ်းကိုအလဟဿဖြစ်သွားစေတာပါ။ Ana De Armas ကို ဒီရုပ်ရှင်မှာ လှတယ်လို့ကိုမခံစားရတာပါ။ သူ့ရဲ့ရုပ်ရှင်အတော်များများမှာ မလှပရင်တောင်မှ အနည်းဆုံး လိုက်ဖက်တယ်လို့ခံစားရပေမယ့် ဒီရုပ်ရှင်မှာတော့ လိုက်ဖက်တယ်လို့လဲမခံစားရသလို ဘယ်လိုကြီးလဲလို့ပဲခဏခဏမေးဖြစ်တာပါ။ 

◼ ဖြစ်ကတတ်ဆန်းတည်ဆောက်ထားတဲ့ဇာတ်လမ်းမျိုးလို့ပဲပြောရမှာပါ။ ဇာတ်ကောင်ကိုခိုင်ခိုင်မာမာတည်ဆောက်မထားပဲ ဖြစ်ကတတ်ဆန်းလုပ်ထားသလို အက်ရှင်ကားကြည့်ထားတာများရင် အဆုံးသတ်ကိုပါခန့်မှန်းလို့ရပါတယ်။ အမျိုးသမီးဇာတ်ကောင်ကိုပဲဦးတည်သလိုလို၊ အမျိုးသားဇာတ်ကောင်ကိုပဲဦးတည်သလိုလိုနဲ့ ရေရာမှုမရှိတဲ့ဇာတ်လမ်းပါပဲ။

◼ အနှစ်ချုပ်ပြောရရင်တော့ Ana De Armas ကို နှာခေါင်းထဖို့သက်သက်ပဲကြည့်လို့ကောင်းပါလိမ့်မယ်။ The Rock ရဲ့ ငပေါကား Red Notice လောက်တောင် စိတ်ဝင်စားဖို့မကောင်းတဲ့ရုပ်ရှင်ပါပဲ။

MVE Score: 4.5/10

McGarrett ရေးသည်။



Post a Comment

0 Comments