မှော်ရုံတောမှာ ပျောက်ဆုံးခြင်း (သို့) Malèna
ခံစားမှုရသ | ဧပြီ ၉၊ ၂၀၂၃။
မမ မလီနာ....
လူတွေဟာ သိပ်ကြောက်ဖို့ကောင်းတယ်။
စစ္စလီကျွန်းက လူတိုင်းရဲ့ နေ့စဥ်ပြောစကားမှာ မမ မလီနာ နာမည်ပါတယ်။ ကောင်းတဲ့ ပြောစကားတွေတော့ မဟုတ်ဘူးပေါ့။ သူများ တံတွေးခွက် ပက်လက်မျောတယ်ဆိုတာ ဒါမျိုးနေမယ်။
သေနတ်နဲ့ပစ်မှ၊ ဓားနဲ့ထိုးမှ သေတာမဟုတ်ပါဘူး။ နှုတ်ထွက်စကားတစ်ခွန်းနဲ့တင် လူတစ်ယောက် သေသွားနိုင်တယ်ဆိုတာကို သူတို့မေ့နေကြတယ်။
စစ္စလီကျွန်းက ယောက်ျားတိုင်းက မမ မလီနာကို သူတို့ စိတ်တိုင်းကျ အမဲဖျက်လို့ရတဲ့ သမင်မပျိုတစ်ကောင်လို့ မြင်ကြတယ်။
မမ မလီနာ ဘယ်လိုပဲ လုံခြုံအောင် ဝတ်ထား ဝတ်ထား သူတို့တွေရဲ့စိတ်ထဲမှာ မမ မလီနာရဲ့ အဝတ်တွေကို တစ်လွှာချင်း ချွတ်ချနေကြတယ်။
မမ မလီနာကို ဘယ်လို တက်ခွရင်ကောင်းမလဲဆိုတာကို အချိန်ပြည့်တွေးနေကြတယ်။
တောက်ပြောင်နေတဲ့ သပ်ရပ်တဲ့အဝတ်အစားတွေ ဝတ်ထားတဲ့ ယောင်္ကျားတွေ၊ လူအများလေးစားခံရတဲ့ ဆရာဝန်တွေဖြစ်လည်း ခိုကိုးရာမဲ့တဲ့ မိန်းကလေးတစ်ဦးအပေါ် သေးနုပ်တဲ့စိတ်ထားနဲ့ မစားရ ဝမခန်း မှိုချိုး မျှစ်ချိုးပြောတတ်ရင် တကယ့်ယောင်္ကျားမဟုတ်မှန်း ကျွန်တော် နားလည်ခဲ့ရပြန်တယ်။
စစ္စလီကျွန်းက မိန်းမတွေရဲ့ အတင်းအဖျင်းရပ်ကွက်မှာ မမ မလီနာရဲ့ အကြောင်းက မပါမဖြစ်ပေါ့။
အံ့သြမိတာတစ်ခုက မိန်းမတွေကလေ သူတို့နဲ့ အမျိုးအနွယ်တူတဲ့ မိန်းမတစ်ယောက်ကို ကာကွယ်ပေးရမယ့်အစား အနိုင့်အထက်ကျင့်ကြတယ်။ စောင့်ရှောက်ပေးရမယ့်အစား အန္တရာယ်တွင်းနက်ထဲကို ကန်ချချင်ကြတယ်။ မြေနိမ့်ရာ လှံစိုက်ကြတယ်။
ဒီလိုမျိုးတွေပြောလို့ ကျွန်တော့်ကို အကျင့်ကောင်းတဲ့လူလို့ ထင်လိမ့်မယ်။ အမှန်တရားတစ်ခုက ကျွန်တော်လည်း တစ်ခြားယောက်ျားတွေနဲ့ ထူးမခြားနားပါပဲ။
စကပ်တိုတိုဝတ်ဝတ်တဲ့အခါ အထင်းသားပေါ်နေတဲ့ ခြေသလုံးဝင်းဝင်းတွေကို ငေးကြည့်မိဖူးတယ်၊ လမ်းလျှောက်လိုက်တိုင်း အတက် အကျ အနိမ့်အမြင့် စည်းချက်ညီညီ လှုပ်ရှားနေတဲ့ ခန္ဓာကိုယ်နောက်ပိုင်းအလှကို မဝံ့မရဲ ခိုးကြည့််ရင်း အာခေါင်ခြောက်ခဲ့ရတဲ့ အချိန်တွေလည်း မနည်းမနော။
ပြီးတော့ ပူလောင်တဲ့ နွေရာသီရဲ့ ညသန်းခေါင်ယံအချိန်တွေမှာ ကျွန်တော့်အခန်းထဲကို Ma L'amore No သီချင်းနဲ့ မမ မလီနာက ကိုယ်ရောင် ကိုယ်ဝါတောက်နေတဲ့ အဆင်းပြည့်စုံလှတဲ့ နတ်သမီးတစ်ပါးလို ရောက်လာတတ်သေးတယ်လေ။
ဒါပေမယ့် မမ မလီနာရယ်။
ကျွန်တော်က ရူးရူးမူးမူး စွဲလမ်းနေသူဆိုတော့ မမ မလီနာနောက်ကို တကောက်ကောက်လိုက်ရင်းနဲ့ တခြားလူတွေ နည်းနည်းလေးမှ ဂရုမစိုက်ကြတဲ့ မမ မလီနာရဲ့ မထင်ထားတာတွေ မြင်ခဲ့ရတယ်၊ မကြားဖူးတာတွေ ကြားခဲ့ရတယ်။
အပြစ်ကင်းစင်ပြီး စွဲမက်စရာကောင်းတဲ့ အလှအပကို ပိုင်ဆိုင်ထားတဲ့ မမ မလီနာနောက်မှာ အရိပ်လို အမြဲတစေလိုက်နေတဲ့ ခြောက်အိပ်မက်တွေ ရှိနေတယ်တဲ့။
ကျွန်တော်ဟာ အချိန်မှားပြီး မွေးဖွားလာတယ်၊ နေရာမှားပြီး မွေးဖွားလာတယ်။
အချိန်မှန်မှာသာ မွေးဖွားခဲ့ရင် မမ မလီနာအတွက် စစ္စလီ တစ်ကျွန်းလုံးကို မြေလှန်ပစ်လိုက်မယ်၊ နေရာမှန်မှာသာ မွေးဖွားခဲ့ရင်တော့ တစ်လောကလုံးကနေ မိန်းကလေးတစ်ယောက်ကို ဝိုင်းအနိုင်ကျင့်ကြတဲ့ မြင်ကွင်းမျိုး ကျွန်တော် မြင်ရမှာမဟုတ်ဘူး။
ကျွန်တော် Aphrodite ကို မုန်းမိပြန်တယ်။
Aphrodite က ပြစ်မျိုး မှဲ့မထင်တဲ့ အလှတရားမျိုးကို မမ မလီနာကို ပေးခဲ့ပေမယ့် အပြန်အလှန်အနေနဲ့ မမ မလီနာဆီကနေ ကံကောင်းခြင်းတွေကို ယူဆောင်သွားတယ်။
ကျွန်တော့်စိတ်ကူးထဲမှာတော့ အသက်ပေးပြီးတော့ကို မမ မလီနာကို အကြိမ်ပေါင်းများစွာ ကယ်ခဲ့သူပါ။ ယုံပါ။ အပြင်ဘဝမှာတော့ မမ မလီနာ အနားကို ရောက်တောင် မရောက်ခဲ့သူပါ။
ကိုယ်ချစ်ရတဲ့သူကို မကာကွယ် မစောင့်ရှောက်နိုင်တာလောက် ယောက်ျားတစ်ယောက်ကို စိတ်ဒုက္ခပေးနိုင်တာ ဒီကမ္ဘာမှာ မရှိသေးဘူး မမ မလီနာ။
ကျွန်တော် မကာကွယ်ပေးနိုင်တဲ့ အန္တရာယ်တွေ တွေ့ကြုံစေခဲ့မိလို့ တောင်းပန်ပါတယ်၊ မမ မလီနာကို ကိုယ့်မျက်စိရှေ့မှာတင် အနိုင်ကျင့်နေကြတာကို မြင်နေလျက်နဲ့ မမ မလီနာဘက်ကနေ မရပ်တည်နိုင်ခဲ့တဲ့အတွက် ကျွန်တော့်ကိုယ်ကျွန်တော် သိမ်ငယ်စိတ်ဝင်ရပါတယ်။ တစ်ယောက်တည်း တစ်ကိုယ်တည်း ငိုကြွေးရပါတယ်။
မမ မလီနာ
ဒီဘဝတော့ ဒီလောက်ပါပဲ။
စစ္စလီကျွန်းမှာ ကံကောင်းပါစေ မမ မလီနာ။
Loki ရေးသည်။
0 Comments