Myanmar Varient Entertainment က ရွေးပေးထားတဲ့ ပေါ့ပေါ့ပါးပါးအက်ရှင်ရုပ်ရှင်တစ်ကား
ဧပြီ ၁၆၊ ၂၀၂၃။
◼ ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းကတည်းက Myanmar Varient Entertainment က ပရိသတ်တွေအတွက် ရုပ်ရှင်ကားကောင်းလေးတွေရွေးပေးဖို့ အစီအစဥ်ရှိထားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အဖွဲ့သားတွေအကုန် အလုပ်ရှုပ်နေကြတာရော၊ ရွေးပေးထားတဲ့ရုပ်ရှင်တွေကို ပရိသတ်က မကြိုက်မှာစိုးတာရော၊ အခြေအနေတွေအမျိုးမျိုးကြောင့်ရော မရွေးပေးလိုက်ရပါဘူး။
◼ ကျွန်တော်တို့ကျောင်းသားဘဝတုန်းက ဖုန်းတွေစပေါ်ခါစမှာ လူကကျောင်းကိုရောက်တာနဲ့ ကိုယ့်အတန်းထဲကကောင်တွေဆီကို ဖုန်းတစ်လုံးနဲ့ Zapya ဖွင့်ပြီး "ဟေ့ကောင်၊ မင်းဆီဘာကားသစ်ရှိလဲ၊ ငါ့ဆီကားသစ်ပါတယ်၊ ယူမလား။" ဆိုပြီး ဇာတ်ကားအလဲအလှယ်လုပ်ကြပါတယ်။ FTTH Wifi တွေ အခုလိုခေတ်မစားသေးတဲ့ကာလဆိုတော့ ရုပ်ရှင်တစ်ကားကြည့်ဖို့ အင်တာနက်ဒေတာဖိုးချွေတာဖို့ အမြဲလိုက်ဂုန်းဆင်းရတာပေါ့။ အဲလိုလိုက်ဂုန်းဆင်းရင် ဟိုဘက်ကကောင်ကို ဒီကားကဘာကားတုံး၊ ဘယ်သူပါတာတုံး၊ မင်းသားဘယ်သူတုံး အဲလိုတွေမေးပြီး အရင်ရဗျူးတောင်းကြပြီးမှ ကြည့်ကြတာပေါ့။ (ကြိုက်ကြိုက်မကြိုက်ကြိုက် အရင်ကူးကြတာပါပဲ)
◼ အခုတော့ သင်္ကြန်နောက်ဆုံးနေ့ဖြစ်တာရော၊ ဒီရက်တွေမှာကြုံခဲ့ရတဲ့ စိတ်ပင်ပန်းမှုတွေကို တစ်နည်းတစ်ဖုံနဲ့လျှော့ချဖို့ ရုပ်ရှင်ကားကောင်းရှာနေတဲ့ပရိသတ်တွေအတွက် လမ်းစတစ်ခုဖြစ်သွားဖို့ရော ဒီကနေ့မှာတော့ အက်ရှင်ဟာသကားလေးတစ်ခုကိုရွေးပေးထားပါတယ်။ ကြိုက်ရင်လဲကြည့်ကြပေါ့ဗျာ၊ ကြည့်ပြီးရင်လဲရဗျူးလေးပြန်ပေးခဲ့ပါပေါ့။
◼ Logan, Ford vs Ferrari, Indiana Jones and the Dial of Destiny ဒါရိုက်တာ James Mangold လက်စွမ်းပြထားတဲ့ ၂၀၁၀ ရုပ်ရှင် Knight and Day ဆိုတဲ့ ဟာသအက်ရှင်ကားလေးတစ်ကားကို ရွေးချယ်ပေးထားပါတယ်။ သရုပ်ဆောင်တွေကတော့ Tom Cruise, Cameron Diaz, Paul Dano နဲ့ Peter Sarsgaard တို့ ပါဝင်ထားပြီး Wonder Woman Gal Gadot လည်း cameo တစ်ခန်းပါဝင်ထားပါတယ်။ နိုင်ငံတကာမှာတော့ Knight and Day ကို ဇာတ်ညွှန်းအားနည်းတယ်ဆိုပြီး ဝေဖန်ထားသလို တချို့ကလည်း Tom Cruise နဲ့ Cameron Diaz တို့ရဲ့ သရုပ်ဆောင်ချက်တွေကြောင့် အကောင်းမြင်ကြည့်ရှုပေးကြတာလည်းရှိခဲ့ပါတယ်။
◼ Roy Miller ဆိုတဲ့ CIA အေးဂျင့်တစ်ယောက်က CIA တာဝန်တစ်ခုလုပ်ဆောင်နေရင်း June Havens ဆိုတဲ့ မိန်းကလေးတစ်ယောက်နဲ့ တွေ့မိပြီး တလွဲတွေဖြစ်ကုန်တာတွေ၊ Roy နဲ့ June ဘယ်လိုကိစ္စတွေကြားမှာ ကြားညပ်ကုန်မလဲ ဆိုတာတွေကို ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။ Martin Laurence ရဲ့ National Security လို ရုပ်ရှင်မျိုးကိုသဘောကျရင် ဒီဟာကိုလည်းကြိုက်ကြမှာပါ။ Tom Cruise နဲ့ James Mangold ဆိုတဲ့အတွက် အက်ရှင်ခန်းတွေကတော့ ပြောစရာမလိုတော့ပါဘူး။ ဒါပေမယ့် အများစုပြောသလို ဇာတ်လမ်းအပိုင်းမှာတော့ နည်းနည်းလေးအားနည်းချက်လေးတွေရှိပြီး တချို့နေရာတွေမှာ အတင်းလုပ်ယူထားတဲ့ပြကွက်လေးတွေပါလာတာမျိုးရှိပါတယ်။ အဓိကကတော့ ဒီရုပ်ရှင်က ပေါ့ပေါ့ပါးပါးလေးနဲ့ ဇာတ်လမ်းကိုမျှမျှတတပြသထားတဲ့အတွက် ရယ်လဲရယ်ရတယ်၊ စိတ်ဝင်စားစရာလဲကောင်းပါတယ်။ အက်ရှင်စစ်စစ်တွေလို ကြည့်နေရင်းနဲ့မျောသွားအောင်အထိတော့မရှိဘူးပေါ့။
◼ ကျွန်တော်ကတော့ Knight and Day ကို အတည်ပေါက်လည်းမက၊ အခွီတစ်ပေါက်လည်းမကျတဲ့ အက်ရှင်ကားတစ်ခုအဖြစ်သတ်မှတ်ထားပါတယ်။
◼ Knight and Day ကြည့်ပြီးသွားရင် ၂၀၁၄ က ထုတ်တဲ့ လက်ပွားရဲ့ Bollywood ရုပ်ရှင် Bang Bang! ကိုလည်းကြည့်စေချင်ပါတယ်။ Bang Bang! ဟာ Knight and Day ကို remake ထားတဲ့ ရုပ်ရှင်ဖြစ်လို့ပါပဲ။ Pathaan နဲ့ War ဒါရိုက်တာ Siddharth Anand လက်စွမ်းပြထားပြီး လက်ပွား Hrithik Roshan နဲ့ Katrina Kaif တို့ အဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းရဲ့ ၇၀ ရာခိုင်နှုန်းကို Knigh and Day နဲ့ တစ်ပုံစံတည်းဖန်တီးထားပြီး ကျန်တဲ့ ၃၀ ရာခိုင်နှုန်းကိုတော့ Bollywood စတိုင်နဲ့ ဆန်းသစ်ထားတာပါ။ (Pathaan နဲ့ War မှာ James Mangold ရဲ့ ရိုက်ကူးမှုပုံစံတွေကိုတွေ့ရတာ ဆန်းတော့မဆန်းပါဘူး) Bang Bang! ကိုတော့ Bollywood ပရိသတ်တွေအများစုကကြည့်ဖူးကြသလို Tu Meri သီချင်းကိုလဲ Bollywood ပရိသတ်တွေထဲမှာ မသိတဲ့သူမရှိပါဘူး။
◼ တစ်ကားလို့ပြောပြီး ဘာလို့နှစ်ကားညွှန်းတာလဲဆိုရင်တော့ Original နဲ့ Remake ကို လေ့လာကြည့်ပြီး ပျော်စရာတွေရှာကြည့်စေချင်လို့ပါပဲ။ Remake နဲ့ Original မှာ ဘာတွေကွာလဲ၊ ဘာတွေလိုလဲ၊ ဘာတွေမတူညီအောင်ဆန်းသစ်ထားလဲဆိုတာကို ပရိသတ်တွေကိုမြင်စေချင်တဲ့စေတနာပါ။
◼ ကြည့်ပြီးသွားရင် ရဗျူးလေးတွေကိုဒီမှာလာပြီးရေးပေးလို့ရပါတယ်။
McGarrett ရေးသည်။
0 Comments