ကိုရီးယားဆိုင်ရာအကြောင်းအရာများထုတ်လုပ်ရန် Netflix မှ ကန်ဒေါ်လာ ၂.၅ ဘီလျံ ဘတ်ဂျက်ချလာ
ဧပြီ ၂၅၊ ၂၀၂၃။
◼ Squid Game, Sweet Home, Hellbound, Kingdom, The Glory နဲ့ Physical 100 တို့ အောင်မြင်သွားပြီးတဲ့နောက်မှာ Netflix ဟာ နောက်ထပ် ကိုရီးယားဆိုင်ရာအကြောင်းအရာများထုတ်လုပ်ရန်အတွက် ဘတ်ဂျက်ငွေများပိုမိုချပေးလာနေပါတယ်။
◼ တောင်ကိုရီးယားမီဒီယာတွေကိုအဓိကထားထုတ်ပြန်လာတဲ့ Netflix ရဲ့ ထုတ်ပြန်ချက်အရ Netflix ဟာ ကိုရီးယားရုပ်ရှင်၊ ဇာတ်လမ်းတွဲ၊ variety show စတဲ့ အကြောင်းအရာတွေကိုပိုမိုထုတ်လုပ်ဖို့အတွက် လေးနှစ်စာဘတ်ဂျက်ငွေ ကန်ဒေါ်လာ ၂.၅ ဘီလျံ ချပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။ ဘယ်လိုအကြောင်းအရာတွေကိုအဓိကထားထုတ်လုပ်မလဲ၊ လေးနှစ်အတွင်း ပရောဂျက်ဘယ်နခုကိုထုတ်လုပ်ဖို့ပြင်ဆင်ထားလဲဆိုတာတွေကိုတော့အသေးစိတ်မသိရပါဘူး။
◼ ဒီအစီအစဥ်ဟာ တောင်ကိုရီးယားသမ္မတ Yoon Suk Yeol နဲ့ Netflix co-CEO Ted Sarandos တို့ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့မှာတွေ့ဆုံပြီးတဲ့နောက်မှာ အကောင်အထည်ပေါ်လာတာဖြစ်ပါတယ်။ တောင်ကိုရီးယားမီဒီယာတွေရဲ့သတင်းအရ ဒါဟာ တောင်ကိုရီးယားအနုပညာလုပ်ငန်းအတွက် အကြီးဆုံးအခွင့်အရေးတစ်ခုဖြစ်တယ်လို့ သိရပါတယ်။
◼ ၂၀၂၃ မှာ ပြသခဲ့တဲ့ သရုပ်ဆောင် Song Hye-kyo ရဲ့ thriller drama ဇာတ်လမ်းတွဲ The Glory ဟာ အနောက်တိုင်းအထိပါပျံ့နှံ့ခဲ့တာကိုလည်းတွေ့ရပါတယ်။
◼ Netflix ဟာ ၂၀၁၆ မှာ တောင်ကိုရီးယားကိုစတင်ရောက်ရှိလာတာဖြစ်ပြီး ယနေ့အထိ တောင်ကိုရီးယား ရုပ်ရှင်နဲ့ဇာတ်လမ်းတွဲများစွာကိုထုတ်လုပ်ပြသနေဆဲဖြစ်ပါတယ်။
ပုံစာ - The Glory မှ ဇာတ်ဝင်ခန်းတစ်ခု။
Ref: THR
McGarrett ရေးသည်။
0 Comments