အကြွေးတွေကြောင့် အပေါစားဇာတ်ကောင်တွေကို လက်ခံခဲ့ရတဲ့အကြောင်း Nicolas Cage ပြောလာ
ဧပြီ ၂၅၊ ၂၀၂၃။
◼ နာမည်ကျော်သရုပ်ဆောင် Nicolas Cage ဟာ ၎င်းပေးရမယ့်အကြွေးငွေ ကန်ဒေါ်လာ ၆သန်းကျော်ကိုဆပ်ဖို့အတွက် အပေါစားဇာတ်ကောင်တွေကို လက်ခံခဲ့ရတဲ့အကြောင်း ပြောလာပါတယ်။
◼ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုတစ်ခုကြောင့် အကြွေးတွေတင်ခဲ့ရပုံကို Nicolas Cage က CBS ရုပ်သံလိုင်းရဲ့ 60 Minutes အစီအစဥ်မှာ အခုလိုပြောပြလာပါတယ်။
"အိမ်ခြံမြေလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှုလွန်သွားတယ်။ အိမ်ခြံမြေစျေးကွက်ပျက်သွားတော့ ကျွန်တော်အချိန်မီရုန်းမထွက်နိုင်ခဲ့ဘူး။ အကုန်လုံးပြန်ပေးခဲ့ပေမယ့် ဒေါ်လာ၆သန်းလောက်တော့ဖြစ်သွားတယ်။ ကျွန်တော်ဒေဝါလီတော့မခံခဲ့ပါဘူး။"
◼ အဲဒီကာလတွေဟာ သူ့အတွက်ခက်ခဲတဲ့အချိန်တွေဖြစ်ခဲ့ပြီး အကြွေးတွေကိုဆပ်ဖို့ ဗွီဒီယိုကားတွေမှာပါသရုပ်ဆောင်ခဲ့ရကြောင်းကိုလည်း Nicolas Cage က အခုလိုပြောခဲ့ပါသေးတယ်။
"အလုပ်က ကျွန်တော့်အတွက်တော့ အမြဲတမ်းကိုယ်စောင့်နတ်ပါပဲ။ အရည်အသွေးတော့မြင့်ချင်မှမြင့်ခဲ့မယ်၊ ဒါပေမယ့် အလုပ်ဖြစ်ခဲ့တာပါပဲ။ တစ်ကားလုံးက ခပ်ပေါပေါဖြစ်နေရင်တောင်မှ ကျွန်တော်ပေါ့ပေါ့တန်တန်မလုပ်ခဲ့ပါဘူး။ အမြဲဂရုစိုက်ခဲ့ပါတယ်။"
◼ Nicolas Cage ဟာ နာမည်ကျော်မင်းသားတစ်လက်ဖြစ်ပေမယ့် ငွေကြေးအခြေအနေတွေကြောင့် ဇာတ်လမ်းရွေးချယ်စီစစ်မှုမပြုလုပ်ပဲ ကမ်းလှမ်းလာသမျှရုပ်ရှင်တွေကိုအကုန်လက်ခံခဲ့ရပါတယ်။
◼ လက်ရှိမှာ Nicolas Cage ရဲ့ ဒရာကူလာရုပ်ရှင် Renfield ဟာ ပရိသတ်တွေရဲ့အားပေးမှုကို အတန်အသင့်ရရှိထားပါတယ်။
Ref: Deadline
McGarrett ရေးသည်။
0 Comments