လူမည်းကလီယိုပတ်ထရာက ဘာများဖြစ်နေလို့လဲ လို့ Queen Cleopatra ဒါရိုက်တာပြောလာ
ဧပြီ ၂၁၊ ၂၀၂၃။
◼ မေ ၁၀ မှာ စတင်ပြသတော့မယ့် Netflix documentary drama ဇာတ်လမ်းတွဲ Queen Cleopatra ဟာ အီဂျစ်ဘုရင်မ ကလီယိုပတ်ထရာအကြောင်းကို အပိုင်းလေးပိုင်းနဲ့ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။
◼ Queen Cleopatra မှာ ကလီယိုပတ်ထရာအဖြစ် ဗြိတိန်နိုင်ငံသူ လူမည်းသရုပ်ဆောင်တစ်ဦးကိုအသုံးပြုထားတဲ့အတွက် အင်တာနက်အသုံးပြုသူတွေကြားမှာ ဝေဖန်ပြစ်တင်မှုတွေရှိနေသလို အီဂျစ်နိုင်ငံက ရှေ့နေတစ်ဦးကလည်း Queen Cleopatra ရဲ့ ဖြန့်ချိရေးကုမ္ပဏီ Netflix ကို တရားစွဲဆိုထားပါတယ်။
◼ ဒီလိုဝေဖန်မှုတွေ၊ ပြစ်တင်မှုတွေနဲ့ပတ်သက်ပြီး Queen Cleopatra ဒါရိုက်တာ Tina Gharavi က ဝေဖန်သူတွေကို Variety သတင်းဌာနနဲ့ သီးသန့်အင်တာဗျူးဆောင်းပါးရှည်တစ်ခုကနေပြန်လည်ချေပလာပါတယ်။
◼ အဆိုပါဆောင်းပါးမှာ Elizabeth Taylor ရဲ့ Cleopatra ကို သဘောကျနှစ်သက်ပေမယ့် ကလီယိုပတ်ထရာ ဟာ လူမည်းဖြစ်နိုင်ချေရှိကြောင်းကိုအဓိကပြောပြထားပြီး အသားဖြူသူအစစ်ဟုတ်မဟုတ်ကိုသံသယဝင်မိကြောင်း၊ ကလီယိုပတ်ထရာ က လူဖြူဖြစ်မှကိုရမှာလား၊ လူမည်းကလီယိုပတ်ထရာက ဘာများဖြစ်နေလို့လဲ စသဖြင့် မျိုးစုံပြန်လည်တုံ့ပြန်ထားပါတယ်။
◼ ဒါရိုက်တာ Tina Gharavi ဟာ ၎င်းဟာ အီရန်နိုင်ငံဖွား ပါရှားလူမျိုးဖြစ်တဲ့အတွက် ဂရိ၊ မက်ဆီဒိုးနီးယားနဲ့ ပါရှားအကြောင်းကို ၎င်းအနေနဲ့သိထားသလို ကလီယိုပတ်ထရာဟာ လူဖြူဖြစ်ရမယ်ဆိုတာအတွက် ခိုင်မာတဲ့သက်သေမရှိကြောင်း၊ ကလီယိုပတ်ထရာဟာ လူမည်းလို့လည်းသတ်မှတ်ထားတဲ့သက်သေမရှိကြောင်း စသဖြင့် ထောက်ပြထားပါသေးတယ်။
◼ ကလီယိုပတ်ထရာကိစ္စအငြင်းပွားပြီးတဲ့နောက်မှာ ကလီယိုပတ်ထရာနဲ့ပတ်သက်တဲ့ သမိုင်းအထောက်အထားများစွာကိုလေ့လာထားသူတွေနဲ့ သမိုင်းသုတေသီတွေကတော့ Queen Cleopatra documentary ဟာ အမှားတစ်ခုသာဖြစ်တယ်လို့ တုံ့ပြန်ထားကြပါတယ်။
◼ Queen Cleopatra ကို African Queens ခေါင်းစဥ်အောက်ကနေပြသမှာဖြစ်ပြီး သရုပ်ဆောင် Will Smith ရဲ့ ဇနီးဖြစ်သူ Jada Pinkett-Smith က ထုတ်လုပ်သူအဖြစ်တာဝန်ယူထားပါတယ်။
Ref: Variety
Sub-Zero ရေးသည်။
0 Comments