Porpular

6/recent/ticker-posts

Queen Cleopatra နဲ့ ပတ်သက်ပြီး တင်းမာမှုများပိုမိုပြင်းထန်လာ




Queen Cleopatra နဲ့ ပတ်သက်ပြီး တင်းမာမှုများပိုမိုပြင်းထန်လာ

မေ ၁၊ ၂၀၂၃။

◼ လာမယ့် မေ ၁၀၊ ၂၀၂၃ မှာ Netflix မှာ ပြသမယ့် documentary drama ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Queen Cleopatra နဲ့ ပတ်သက်ပြီး တင်းမာမှုတွေ၊ ဝေဖန်မှုတွေဟာ ပိုမိုပြင်းထန်လာနေပါတယ်။ အီဂျစ်ဘက်ကတော့ လူမည်းသရုပ်ဆောင်တစ်ဦးကိုအသုံးပြုပြီး သမိုင်းအကြောင်းအရာကိုလွဲမှားစွာတင်ဆက်ပြသနေတယ်လို့ Netflix ကို ပြောလာပါတယ်။ 

◼ Netflix ရဲ့ Queen Cleopatra ဟာ သမိုင်းမှာတကယ်ရှိခဲ့တဲ့ အီဂျစ်ဘုရင်မ ကလီယိုပတ်ထရာအကြောင်းကို Season ၂ခုစာ အပိုင်းရှစ်ပိုင်းပါ docudrama တစ်ခုအဖြစ် ဖန်တီးထားတာဖြစ်ပြီး African Queen ဇာတ်လမ်းကြီးရဲ့ခေါင်းစဥ်အောက်ကနေ ပြသမှာပါ။ Queen Cleopatra မှာ ကလီယိုပတ်ထရာအဖြစ် သရုပ်ဆောင် Adele James က ပါဝင်ထားတာဖြစ်ပါတယ်။ 

◼ ပြီးခဲ့တဲ့ကြာသပတေးနေ့မှာထုတ်ပြန်လာတဲ့ အီဂျစ်အစိုးရရဲ့တရားဝင်ထုတ်ပြန်ချက်အရ Queen Cleopatra ဟာ ကာလကြာဖြစ်ပွားနေတဲ့အမုန်းတရားတွေကိုပိုမိုပြင်းထန်လာစေနေကြောင်းနဲ့ ဒီဇာတ်လမ်းတွဲကိုဖျက်သိမ်းပေးဖို့တောင်းဆိုကြောင်း သိရပါတယ်။

◼ Queen Cleopatra ကို သရုပ်ဆောင် Will Smith ရဲ့ ဇနီးသည် Jada Pinkett Smith က ထုတ်လုပ်ထားတာဖြစ်သလို လက်ရှိမှာ ကလီယိုပတ်ထရာရဲ့ဖြစ်တည်မှုနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေဟာလည်း ပိုမိုပြင်းထန်လာနေကြောင်းသိရပါတယ်။

◼ အီဂျစ်နိုင်ငံရဲ့ ခရီးသွားလာရေးနဲ့ရှေးဟောင်းသုတေသနဆိုင်ရာဝန်ကြီးဌာနရဲ့တရားဝင်ထုတ်ပြန်ချက်မှာ Queen Cleopatra ကို ရိုက်ကူးထုတ်လုပ်ရာမှာ စုံစမ်းရှာဖွေဖော်ထုတ်ဖို့နဲ့ အကြောင်းအရာခိုင်မာပြည့်စုံဖို့လိုအပ်ကြောင်း၊ သမိုင်းဆိုင်ရာနဲ့သိပ္ပံနည်းကျအကြောင်းအရာတွေကိုသာအခြေပြုပြီးရိုက်ကူးသင့်ကြောင်း ဖော်ပြထားပါတယ်။ အဲဒီခေတ်အဲဒီအခါကရှိခဲ့တဲ့ ရုပ်တုတွေနဲ့ ဒင်္ဂါးတွေအရ ကလီယိုပတ်ထရာဟာ မက်ဆီဒိုးနီးယန်းဂရိတစ်ယောက်ဖြစ်သလို အသားအရေဖျော့တော့သူတစ်ဦးဖြစ်ပြီး လူမည်းမဟုတ်​ကြောင်း အဆိုပါထုတ်ပြန်ချက်မှာဖော်ပြထားပါသေးတယ်။

◼ ရှေးဟောင်းသုတေသနဆိုင်ရာကောင်စီလွှတ်တော်ရဲ့ အထွေထွေအတွင်းရေးမှူး Dr. Mostafa Waziri ကလည်း Queen Cleopatra ထဲက ကလီယိုပတ်ထရာဟာ အီဂျစ်သမိုင်းကိုအမှားအယွင်းဖြစ်အောင်ပြုလုပ်ထားတာဖြစ်ပြီး သမိုင်းဆိုင်ရာအကြောင်းအရာကို ပွင့်ပွင့်လင်းလင်းအမှားဖန်တီးထားတာဖြစ်တယ်လို့ ပြောလာပါတယ်။ ၎င်းအနေနဲ့ သမိုင်းအမှားတစ်ခုကိုအမှားလို့သာထောက်ပြထားတာဖြစ်ပြီး အာဖရိကန်ညီနောင်တွေကိုစော်ကားလိုစိတ်မရှိကြောင်း ထပ်မံပြောပြလာပါတယ်။

◼ Cleopatra ဘုရင်မဟာ Alexander the Great ရဲ့ သက်တော်စောင့်စစ်သူကြီးဖြစ်သူ Ptolemy I Soter ရဲ့ မျိုးဆက်ဖြစ်ပြီး ဘီစီ ၅၁ ကနေ ဘီစီ ၃၀ အထိ အီဂျစ်နိုင်ငံကိုအုပ်ချုပ်ခဲ့သူဖြစ်ပါတယ်။ 

◼ ကလီယိုပတ်ထရာခေတ်မှာရှိခဲ့တဲ့ သမိုင်းဝင်အတွေးအခေါ်နဲ့စာရေးဆရာနှစ်ယောက်ဖြစ်ကြတဲ့ Plutarch နဲ့ Cassius Dio တို့ဟာလည်း ၎င်းတို့ရဲ့စာပေတွေမှာ ကလီယိုပတ်ထရာဟာ အသားအရေဖျော့တဲ့ မက်ဆီဒိုးနီးယန်းသူတစ်ယောက်ဖြစ်တယ်လို့ဖော်ပြခဲ့ပါတယ်။ တချို့ရှေးဟောင်းပညာရှင်တွေကတော့ ကလီယိုပတ်ထရာမှာ အီဂျစ်သွေးလေးပုံတစ်ပုံတော့ပါဝင်နိုင်တယ် ဆိုပြီး ငြင်းဆန်ထားကြပါတယ်။

◼ အီဂျစ်နိုင်ငံက နာမည်ကျော်ဗိသုကာပညာရှင်တစ်ယောက်ဖြစ်တဲ့ Zahi Hawass ကလည်း ကလီယိုပတ်ထရာဟာလူမည်းမဟုတ်ဘူးလို့ အခုလိုအတိအလင်းငြင်းဆန်ထားပါတယ်။

"သူ့အဖေနဲ့မောင်ရဲ့ရုပ်တုတွေနဲ့သွင်ပြင်တွေကိုကြည့်မယ်ဆိုရင် ကလီယိုပတ်ထရာဟာလူမည်းဖြစ်တယ်ဆိုတာကိုပြသပေးမယ့်သက်သေဆိုတာမရှိဘူး။"

◼ ကလီယိုပတ်ထရာနန်းစံချိန်မှာ Nubia ခေါ် Kush ပြည်ထောင်ကို အုပ်ချုပ်ခဲ့တာဖြစ်ပြီး အဲဒီနေရာဟာ ယခု ဆူဒန်နဲ့အီဂျစ်တောင်ပိုင်းဖြစ်ကြောင်း၊ အာဖရိကန်ယဥ်ကျေးမှုများထွန်းကားခဲ့ပေမယ့်လည်း ဖာရိုလူမှုစနစ်နဲ့ကူးလူးဆက်စပ်မှုမရှိခဲ့ကြောင်း Zahi Hawass က ထပ်မံငြင်းဆိုထားပါတယ်။

◼ အီဂျစ်နိုင်ငံရဲ့တရားဝင်ထုတ်ပြန်ချက်မထွက်ခင်ကတည်းက Queen Cleopatra ကို ဖျက်သိမ်းပစ်ဖို့ change.org ကနေ လက်မှတ်ထိုးတောင်းဆိုမှုတွေပြုလုပ်နေတာဖြစ်သလို အီဂျစ်ရှေ့နေတစ်ဦးကလည်း Queen Cleopatra နဲ့ ပတ်သက်ပြီး Netflix ကို တရားစွဲဆိုထားပါတယ်။ 

◼ ကလီယိုပတ်ထရာနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေဟာ ၂၀၂၀ မှာလည်း ဒါရိုက်တာ Patty Jenkins ရဲ့ Cleopatra ရုပ်ရှင်အတွက် အစ္စရေးသရုပ်ဆောင် Gal Gadot ကို ကလီယိုပတ်ထရာအဖြစ်ရွေးချယ်ခဲ့စဥ်ကလည်း အငြင်းပွားမှုတွေရှိခဲ့ပါတယ်။

Ref: NBC News

McGarrett ရေးသည်။

Post a Comment

0 Comments