Alita: Battle Angel sequel အတွက် ဆွေးနွေးမှုတွေတကယ်ဖြစ်နေကြောင်း ဒါရိုက်တာထပ်မံအတည်ပြု
မေ ၁၀၊ ၂၀၂၃။
◼ ဂျပန် manga စာရေးဆရာ Yukito Kishiro ရဲ့ ဂျပန် manga တစ်ခုဖြစ်တဲ့ Gunnm ခေါ် Battle Angel Alita ကို ပြန်လည်ရိုက်ကူးထားတဲ့ ၂၀၁၉ ထုတ် ရုပ်ရှင် Alita: Battle Angel ဟာ ဝင်ငွေအရရော ရုပ်ရှင်အရပါအောင်မြင်မှုများစွာရရှိခဲ့ပါတယ်။
◼ အဲဒီလိုရလဒ်ကောင်းတွေကြောင့် ပရိသတ်တွေက Alita: Battle Angel ကို sequel ထပ်မံထုတ်လုပ်စေချင်နေကြပါတယ်။ သို့ပေမယ့် Alita: Battle Angel ရဲ့ ထုတ်လုပ်ရေးကုမ္ပဏီ 20th Century Fox ကို Disney က ဝယ်ယူချိန်မှာတော့ Alita: Battle Angel sequel နဲ့ ပတ်သက်ပြီး အသံတွေဟာငြိမ်သက်သွားခဲ့ပါတယ်။
◼ ပြီးခဲ့တဲ့လက Alita: Battle Angel ရဲ့ ထုတ်လုပ်သူ Jon Landu ဟာ Alita: Battle Angel sequel နဲ့ ပတ်သက်ပြီး ဒါရိုက်တာ Robert Rodriguez နဲ့ သရုပ်ဆောင် Rosa Salazar တို့နဲ့ဆွေးနွေးခဲ့ကာ ဆွေးနွေးမှုအခြေအနေဟာလည်း ရလဒ်ကောင်းမွန်နေကြောင်း Jon Landu က ScreenRant ဝက်ဘ်ဆိုက်နဲ့အင်တာဗျူးတစ်ခုမှာ အတည်ပြုပေးခဲ့ဖူးပါတယ်။
◼ Alita: Battle Angel sequel နဲ့ ပတ်သက်ပြီး ပရိသတ်တွေရဲ့မျှော်လင့်ချက်ဟာ အလကားဖြစ်မသွားဘူးလို့ပြောရတော့မယ့်ပုံပါပဲ။
◼ ဒါရိုက်တာ Robert Rodriguez ဟာ ၎င်းရဲ့ရုပ်ရှင်သစ် Hypnotic နဲ့ ပတ်သက်ပြီး Total Film နဲ့ GamesRader သတင်းတို့နဲ့ ပရိုမိုးရှင်းအင်တာဗျူးမှာ Alita: Battle Angel sequel ထုတ်လုပ်ဖို့ဟာ အလားအလာရှိလာနေသလို sequel အတွက် ၎င်းတို့တွေကြားမှာ အမှန်တကယ်ဆွေးနွေးမှုတွေရှိနေကြောင်း အတည်ပြုပေးခဲ့ပါတယ်။
◼ Alita: Battle Angel sequel နဲ့ ပတ်သက်ပြီး ဒါရိုက်တာ Robert Rodriguez က အခုလိုအတည်ပြုလာပါတယ်။
"ဟုတ်တယ်ဗျ၊ ကျွန်တော်တို့ အဲဒီကိစ္စကိုဆွေးနွေးနေကြတာပါ၊ ကျွန်တော်တို့ကလည်း ဒီဟာကိုရိုက်ကူးချင်ပါတယ်။ အသေအချာကြီးကတော့ပြင်ဆင်ထားတာမျိုးမရှိဘူး။ ကျွန်တော်တို့ဘက်ကတော့ လုပ်လဲလုပ်ချင်သလို ဖြစ်လာဖို့အတွက်လည်းမျှော်လင့်ထားတယ်။ သူတို့က လောလောဆယ် Avatar ကိစ္စတွေအတွက် အလုပ်လုပ်နေကြတာ၊ ဒါပေမယ့် စေ့စပ်ညှိနှိုင်းမှုတွေတော့ရှိပါတယ်။"
◼ Alita: Battle Angel ကို Avatar နဲ့ Avatar: The Way of Water ရဲ့ ဒါရိုက်တာ James Cameron နဲ့ ထုတ်လုပ်သူ Jon Landu တို့ကပဲ တာဝန်ယူထုတ်လုပ်ခဲ့တာပါ။ ဒါ့အပြင် ဒါရိုက်တာ Robert Rodriguez ရဲ့ မှတ်ချက်တစ်ခုအရ James Cameron ဟာ Alita ကို စုစုပေါင်း ရုပ်ရှင်သုံးကားစာအထိ ထုတ်လုပ်ဖို့စိတ်ကူးခဲ့ဖူးကြောင်းသိရပါတယ်။
Ref: ComicBook
Sub-Zero ရေးသည်။
0 Comments