Porpular

6/recent/ticker-posts

သိုင်းဇာတ်လမ်းတွဲတွေထဲက မေ့မရနိုင်သေးတဲ့ ဇာတ်လမ်းတွဲတစ်ခု


သိုင်းဇာတ်လမ်းတွဲတွေထဲက မေ့မရနိုင်သေးတဲ့ ဇာတ်လမ်းတွဲတစ်ခု 

သိုင်းလောကစိန်ခေါ်သံ | Laughing in the Wind (2001)


မေ ၁၄၊ ၂၀၂၃။

◼ သိုင်းစာစဥ်ဆရာကြီး ကျင်းယုံရဲ့ သိုင်းဝတ္ထုစာစဥ်တွေထဲက The Smiling, Proud Wanderer ကို အခြေခံရိုက်ကူးထားတဲ့ ၂၀၀၁ ထုတ် တရုတ်ဝူရှသိုင်းဇာတ်လမ်းတွဲ Laughing in the Wind (သိုင်းလောကစိန်ခေါ်သံ) ဟာ မြန်မာနိုင်ငံက ဝူရှပရိသတ်တွေကြားမှာ ဒီကနေ့အထိ ကြိုက်နေဆဲဖြစ်တဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။

◼ The Smiling, Proud Wanderer ကို ရုပ်ရှင် အနေနဲ့ The Swordman သုံးကားတွဲ (The Swordman, The Swordman II နဲ့ The East is Red) အပါအဝင် စုစုပေါင်း လေးကားရိုက်ကူးခဲ့သလို ဇာတ်လမ်းတွဲအနေနဲ့ Laughing in the Wind အပါအဝင် စုစုပေါင်း ရှစ်ခုရိုက်ကူးထားပါတယ်။

◼ သိုင်းလောကစိန်ခေါ်သံကို ဝတ္ထုထက် ဇာတ်လမ်းတွဲကိုအရင်ဆုံးကြည့်ခဲ့တာပါ။ အခွေခေတ်မှာတုန်းက ကာဗာအဖုံးကြောင့်စိတ်ဝင်စားမိပြီး ဝယ်လာရာကနေ ကြည့်မိပြီး ဝူရှဇာတ်လမ်းတွဲတွေကို အတော်သဘောကျခဲ့တယ်လို့လည်းပြောလို့ရပါတယ်။ 

◼ ငယ်ငယ်ကကြည့်တုန်းကတော့ သိုင်းကွက်တွေ၊ ဓားကွက်တွေ၊ အကြောပိတ်တာတွေ၊ အတွင်းအားသိုင်းထုတ်ပြတာတွေကြောင့် ဒီ series ကို ကြိုက်ခဲ့တယ်ဆိုပေမယ့် အခုတစ်ကြော့ပြန်ထပ်ကြည့်လိုက်တဲ့အချိန်မှာတော့ ဇာတ်ကောင်စရိုက်တည်ဆောက်မှုတွေ၊ ဇာတ်လမ်းအတက်အကျတွေကြောင့် သိုင်းလောကစိန်ခေါ်သံကို ပိုလို့တောင်သဘောကျသွားပါသေးတယ်။

◼ ကျင်းယုံဝတ္ထုတွေထဲက အဓိကဇာတ်ကောင်တွေဖြစ်တဲ့ ရှောင်ဖုန်း၊ တွမ့်ယွိ၊ ရွှီကျူ၊ ကောကျင့်၊ ရန်ကော၊ ကျန်းဝူကျိ၊ လင့်ဟူးချုံး ဇာတ်ကောင်တွေဟာ တစ်ယောက်နဲ့တစ်ယောက် ဇာတ်ကောင်စရိုက်တူညီမှုမရှိပါဘူး။ အဲဒီထဲကမှ လင့်ဟူးချုံးရဲ့ဇာတ်ကောင်စရိုက်က တစ်မျိုးထပ်ပြီးကိုကွဲပြားနေတာပါ။ ဝေခွဲမရတဲ့စရိုက်သဘောထား၊ လည်လည်ဝယ်ဝယ်ရှိပေမယ့် ဆရာနဲ့ဂိုဏ်းနဲ့ပတ်သက်လာရင် အဖြူထည်သပ်သပ်ဖြစ်သွားတဲ့သဘောထား အဲဒီစရိုက်တွေကို ပုံစံမတူအောင်ပြသွားခဲ့တာကိုတွေ့ခဲ့ရပါတယ်။ နတ်ကလျာရဲ့အလှကို ဇာတ်လမ်းတွဲမှာပုံဖော်ခဲ့တာကလည်း ဒီဘက်ခေတ် remake တွေက မင်းသမီးတွေထက်တောင် ပိုပြီးလှပတဲ့ပုံစံကိုတွေ့ခဲ့ရပါသေးတယ်။ နတ်ကလျာရဲ့ဇာတ်ကောင်စရိုက်ကလည်း ဒီဇာတ်လမ်းရဲ့အသက်လို့ပြောရမှာပါ။ ခက်ထန်ရက်စက်တဲ့သဘောကနေ လင့်ဟူးချုံးကြောင့် တဖြေးဖြေးပြောင်းလဲလာတဲ့အနေအထားတွေကလည်း ဇာတ်လမ်းကို ပိုပြီးလှပစေပါတယ်။

◼ တစ်ဦးတည်းအမြင်ပြောရရင် သိုင်းလောကစိန်ခေါ်သံရဲ့ဇာတ်လမ်းတည်ဆောက်ပုံက သိုင်းဇာတ်လမ်းတွဲအများစုလို ရှုပ်ထွေးမှုအများကြီးမပါပဲ အကြောင်းအရာတစ်ခုကိုပဲဇာတ်အိမ်ယူပြီး အဲဒီအကြောင်းအရာကနေမှ အစွယ်အပွားတချို့ကိုဇာတ်အိမ်ပြန်ချဲ့တဲ့သဘောကိုတွေ့ရပါတယ်။ လုံးဝထင်မထားတဲ့လူက ရန်သူဇာတ်ကောင်ဖြစ်လာပြီး တစ်သက်လုံးကယုတ်မာလာတဲ့လူက လူကောင်းတစ်ယောက်အနေနဲ့သေခဲ့ရတယ်ဆိုတာမျိုးပေါ့။ 

◼ သိုင်းလောကစိန်ခေါ်သံရဲ့ဇာတ်ကောင်တွေအများစုက စိတ်ဝင်စားဖို့ကောင်းတယ်။ မက်မွန် ၆ ယောက်၊ ချွေးရန်၊ လျှိုကျက်ဖုန်း၊ ရီချန်းဟိုင်၊ ကျို့လန်ချန်၊ ရှန့်ဝမ်ထင်၊ တို့လို ဇာတ်ရံတွေအပါအဝင် လင်ဖိန်ကျစ်၊ ရိလင်၊ ရန့်ဝေါ်ရှင်း၊ ယွဲ့ပုချွင်၊ တုန်းဖုန်းပုပိုက် တို့လို ဇာတ်ပို့တွေကလည်း ဇာတ်ကောင်တည်ဆောက်မှုတွေဟာကျစ်လျစ်မှုရှိပါတယ်။

◼ နောက်ပိုင်းခေတ် ကာလာစုံအတွင်းအားတွေသုံးလာတဲ့ ဝူရှသိုင်းကားတွေထက်တောင် ဒီ series ရဲ့ vfx အသုံးပြုမှုလှပတာကိုလည်းသတိထားမိကြမှာပါ။ ကာလာမဲ့အတွင်းအား vfx ပုံစံတွေကိုသာမက sfx မိတ်ကပ်အပြင်အဆင်တွေမှာလည်း သပ်ရပ်မှုရှိတယ်လို့ကိုပြောလို့ရပါတယ်။ ဥပမာ နေလဂိုဏ်းက ဂိုဏ်းသားတွေကိုကွပ်မျက်တဲ့ဇာတ်ဝင်ခန်းတွေ၊ ကျို့လန်ချန်က သူ့ရဲ့ဆရာတူညီကိုဓားနဲ့ပိုင်းပစ်လိုက်တာတွေ စတဲ့ ဇာတ်ဝင်ခန်းတွေမှာသိသာမှာပါ။

◼ လင့်ဟူချုံးရဲ့ မတည်ငြိမ်တဲ့ဇာတ်ကောင်စရိုက်တွေကြားထဲကမှ နတ်ကလျာနဲ့ချစ်ကြိုးသွယ်မိလာပုံ၊ လင့်ဟူချုံးနဲ့ ယွဲ့လင်ရှန်းကြားက သံယောစဥ်တွေ၊ ရိလင်ရဲ့တစ်ဖက်သတ်အချစ်တွေကလည်း ဇာတ်လမ်းရဲ့ကြမ်းတမ်းမှုတွေထဲက ချိုတဲ့အရသာတစ်ခုပါပဲ။

◼ ခုမှစကြည့်ကြမယ့်သူတွေကတော့ ဇာတ်လမ်းရဲ့ တဝက်ကျော်ကျော်မှာ အပြောင်းအလဲတွေ၊ ဇာတ်အလှည့်အပြောင်းတွေကိုစတင်ခံစားမိလာမယ်ဆိုရင် ဒီဇာတ်လမ်းတွဲကို လူတွေကဘာလို့ကြိုက်ကြလဲဆိုတာကိုရိပ်မိလာကြမှာပါ။

◼ ကာလာစုံအတွင်းအားသုံး ဝူရှဇာတ်လမ်းတွဲတွေခေတ်စားလာချိန်မှာ ဒီလိုသိုင်းဇာတ်လမ်းတွဲမျိုးက အချိန်ပေးပြီးကြည့်ရတာတန်သလို ဝူရှပရိသတ်တွေကြားမှာ ဒီကနေ့အထိမေ့မရတဲ့ဇာတ်လမ်းတွဲတစ်ခုအဖြစ် ရှိနေဦးမယ်ဆိုတာကိုလည်း ငြင်းလို့ရမှာမဟုတ်ပါဘူး။

Sub-Zero ရေးသည်။

Post a Comment

0 Comments