Don 3 ထပ်မံထွက်ရှိလာမှာဖြစ်ကြောင်း ထုတ်လုပ်သူအတည်ပြုလာ
မေ ၁၄၊ ၂၀၂၃။
◼ Bollywood သရုပ်ဆောင် Shah Rukh Khan ရဲ့ action ရုပ်ရှင်တွေဖြစ်တဲ့ Don: The Chase Begins Again နဲ့ Don 2 တို့ဟာ ဘောလိဝုဒ်ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ အက်ရှင်ရုပ်ရှင်များဖြစ်ကြပါတယ်။
◼ အဲလိုရေပန်းစားမှုကြောင့် ပရိသတ်တွေက သုံးကားမြောက် Don ရုပ်ရှင် Don 3 ကို ဆက်လက်ထုတ်လုပ်စေချင်နေကြတာ ဆယ်စုနစ်တစ်ခုနီးပါးရှိနေပြီဖြစ်ပါတယ်။ ထုတ်လုပ်သူတွေနဲ့ ဒါရိုက်တာ Farhan Akhtar တို့ဘက်ကလည်းငြိမ်သက်နေသလို လွန်ခဲ့တဲ့နှစ်တွေကလည်း Don 3 ဟာ ဆက်လက်ထွက်ရှိဖို့အလားအလာမရှိတော့ကြောင်း သတင်းများထွက်ခဲ့ပါသေးတယ်။
◼ ယခုအခါမှာတော့ ပရိသတ်တွေအတွက် Don 3 နဲ့ ပတ်သက်ပြီး အလားအလာတစ်ခုဖြစ်လာနေပြီလို့ပြောလို့ရပါပြီ။ Don: The Chase Begins Again နဲ့ Don 2 တို့ရဲ့ထုတ်လုပ်သူ Ritesh Sidwani က Don 3 ထုတ်လုပ်သွားမှာဖြစ်ကြောင်း ၎င်းကိုယ်တိုင် တရားဝင်အတည်ပြုလာခဲ့ပြီဖြစ်ပါတယ်။
◼ Don 3 အတွက် ဒါရိုက်တာ Farah Akhtar က ဇာတ်လမ်းရေးသားလျက်ရှိကာ ပြင်ဆင်မှုများစတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ထုတ်လုပ်သူ Ritesh Sidwani က PTI သတင်းနဲ့ အင်တာဗျူးတစ်ခုမှာ အခုလိုအတည်ပြုလာပါတယ်။
"ကျွန်တော့်ရဲ့တွဲဖက် (Farhan Akhtar) ဒီဟာကိုဇာတ်လမ်းရေးလို့မပြီးမချင်း ကျွန်တော်တို့ဘက်ကတော့ ဘာမှစမှာမဟုတ်သေးပါဘူး။ အခုချိန်မှာ သူက ဇာတ်ညွှန်းကို အပြီးသတ်နေပါပြီ။ ကျွန်တော်တို့အားလုံး Don ကို ပြန်တွေ့ရဖို့ရင်ခုန်နေပါတယ်။"
◼ ယခုနှစ်မှာ Shah Rukh Khan ရဲ့ Pathaan ရုပ်ရှင်ဟာ ဝင်ငွေအရအောင်မြင်ပြီးတဲ့နောက်မှာ ထုတ်လုပ်သူတွေဘက်က ယခင်ဇာတ်လမ်းဟောင်းတွေကို sequel ဆက်လက်ထုတ်ချင်လာနေပုံပါပဲ။ ၂၀၂၃ မှာ Shah Rukh Khan ရဲ့ Jawan နဲ့ Dunki တို့ဟာလည်း ပိတ်ကားပေါ်ကိုရောက်ရှိလာဦးမှာပါ။
◼ ပြီးခဲ့တဲ့နှစ်တွေမှာ Don 3 နဲ့ ပတ်သက်ပြီး ကောလာဟလတွေထွက်ပေါ်လာပြီးနောက်မှာ ယခုလိုမျိုး Don 3 ကို အတည်ပြုလာတာဖြစ်ပါတယ်။ Don 3 ကို ယခင်ထုတ်လုပ်ရေးကုမ္ပဏီ Excel Entertainment ကနေ ထုတ်လုပ်မှာဖြစ်ပါတယ်။ ပြသရက်နဲ့အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
◼ Shah Rukh Khan နဲ့ Priyanka Chopra-Jonas တို့ အဓိကပါဝင်ထားတဲ့ Don: The Chase Begins Again နဲ့ Don 2 တို့ဟာ အိန္ဒိယမာဖီးယား ဒွန်ရဲ့ မူးယစ်လုပ်ငန်းနဲ့ဒုစရိုက်အင်ပါယာနယ်ပယ်ချဲ့ထွင်ပုံနဲ့ ဖောက်ထွင်းမှုတွေအကြောင်းကိုပြသထားတာဖြစ်ပါတယ်။ သို့ပေမယ့် Don: The Chase Begins Again ကတော့ သရုပ်ဆောင် Amitabh Bachchan ရဲ့ ၁၉၇၈ ရုပ်ရှင် Don ကို remake ရိုက်ကူးထားတာပါ။
Ref: Times of India
McGarrett ရေးသည်။
0 Comments