Porpular

6/recent/ticker-posts

သိုင်းလောကစိန်ခေါ်သံဇာတ်လမ်းတွဲမှ နေကြာသိုင်းကျမ်းနှင့်ဖိရှဲ့ဓားကျမ်း​အကြောင်း



သိုင်းလောကစိန်ခေါ်သံဇာတ်လမ်းတွဲမှ နေကြာသိုင်းကျမ်းနှင့်ဖိရှဲ့ဓားကျမ်း​အကြောင်း

မေ ၇၊ ၂၀၂၃။

◼ ၂၀၀၁ က ထွက်ခဲ့တဲ့ သိုင်းဇာတ်လမ်းတွဲ Laughing in the Wind ခေါ် သိုင်းလောကစိန်ခေါ်သံ ဟာ မြန်မာပရိသတ်တွေကြားမှာ ယနေ့အထိရေပန်းစားနေတဲ့ သိုင်းဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။ 

◼ Laughing in the Wind ဟာ ၁၉၆၇ ကနေ ၁၉၆၉ အထိ ထုတ်ဝေခဲ့တဲ့ တရုတ်စာရေးဆရာ Jin Yong ရဲ့ The Smiling, Proud Wanderer ဆိုတဲ့ အခန်းဆက်ဝတ္ထုရှည်ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ The Smiling, Proud Wanderer ဟာ မြန်မာမှာလည်း ဘာသာပြန်စာစဥ်တွေအဖြစ် ပျံ့နှံ့ခဲ့ပါတယ်။

နေကြာသိုင်းကျမ်းနှင့် ဖိရှဲ့ဓားကျမ်း အကြောင်း

◼ နေကြာသိုင်းကျမ်းဟာ နန်းတွင်းထဲက မိန်းမစိုးကုန်းကုန်းတစ်ယောက်ရဲ့သိုင်းကျမ်းတစ်ခုဖြစ်ပြီး ရှောင်လင်ကျောင်းမှာသိမ်းဆည်းထားဖူးတဲ့ကျမ်းတစ်ခုဖြစ်ပါတယ်။ ဟွာဆန်းဂိုဏ်းက ယွဲ့စုနဲ့ချိုက်ကျိဖုန်းဆိုတဲ့ဂိုဏ်းသားနှစ်ယောက်က ရှောင်လင်ကျောင်းက စာကြည့်တိုက်ထဲကိုခိုးဝင်ပြီး နေကြာသိုင်းကျမ်းကို တစ်ယောက်တစ်ဝက်အလွတ်မှတ်သားကာ ဟွာဆန်းဂိုဏ်းကိုပြန်လာခဲ့ကြပါတယ်။ ယွဲ့စုနဲ့ချိုက်ကျိဖုန်းဟာ ၎င်းတို့မှတ်လာတဲ့ နေကြာသိုင်းကျမ်းတစ်ဝက်စီကို နှစ်ခုပေါင်းပြီးတစ်ခုအဖြစ်ဖန်တီးတဲ့အခါမှာ အပြည့်အဝမမှတ်မိနိုင်ကြတဲ့အတွက် သိုင်းကျမ်းဟာ အပြည့်အဝပါဝင်တဲ့သိုင်းကျမ်းတစ်ခုဖြစ်မလာခဲ့ပါဘူး။ ယွဲ့စုနဲ့ချိုက်ကျိဖုန်းဟာ ၎င်းတို့သိထားတဲ့ နေကြာသိုင်းကျမ်းတစ်ဝက်စီနဲ့ ၎င်းတို့ရဲ့ကိုယ်ပိုင်သိုင်းကွက်တွေကိုအသုံးပြုကာ သိုင်းကွက်အများအပြားကိုဖန်တီးနိုင်ခဲ့ပါတယ်။ ဒီလိုမျိုးဆန်းသစ်လာမှုနဲ့အတူ ယွဲ့စုနဲ့ချိုက်ကျိဖုန်းဟာ ချီဓာတ်ခေါ် အတွင်းအားနဲ့ ဓားသိုင်းကွက် အားပြိုင်မှုတွေဖြစ်ပေါ်လာပြီး ဟွာစန်းဂိုဏ်းမှာ အတွင်းအားအဖွဲ့နဲ့ ဓားသိုင်းကွက်အဖွဲ့ဆိုပြီး နှစ်ဖွဲ့ကွဲသွားခဲ့ပါတယ်။

◼ ဟွာဆန်းဂိုဏ်းရဲ့အကွဲအပြဲတွေနဲ့ နေကြာသိုင်းကျမ်းပေါ်ပေါက်လာမှုတွေကို ရှောင်လင်ကျောင်းကသိသွားတဲ့အခါမှာ ဟွာဆန်းဂိုဏ်းရဲ့ဂိုဏ်းတွင်းမတည်ငြိမ်မှုတွေကိုဖြေရှင်းဖို့နဲ့ နေကြာသိုင်းကျမ်းကိုမကျင့်ကြဖို့တားမြစ်ဖို့ ရှောင်လင်ကျောင်းဟာ တုယွမ်အမည်ရှိရှောင်လင်ဘုန်းကြီးတစ်ပါးကို ဟွာဆန်းဂိုဏ်းကိုစေလွှတ်လိုက်ပါတယ်။ တုယွမ်ရဲ့တရားပြမှုကြောင့် ယွဲ့စုနဲ့ချိုက်ကျိဖုန်းဟာ ပြန်လည်သင့်မြတ်သွားပြီး ၎င်းတို့မှတ်သားထားတဲ့ နေကြာသိုင်းကျမ်းတစ်ဝက်စီကို တုယွမ်ရဲ့ သိုင်းပညာဆိုင်ရာယုတ္တိဗေဒကျကျဖြည့်ဆည်းမှုအကူအညီနဲ့ ပြည့်စုံတဲ့သိုင်းကျမ်းတစ်ခုဖြစ်အောင်ဖန်တီးနိုင်ခဲ့ကြပါတယ်။ ဟွာဆန်းဂိုဏ်းရဲ့ အဖွဲ့နှစ်ခုကွဲမှုကိုအကြောင်းပြပြီး နေလဂိုဏ်းဟာ ဟွာဆန်းဂိုဏ်းကိုဝင်ရောက်တိုက်ခိုက်ရင်း နေကြာသိုင်းကျမ်းဟာ နေလဂိုဏ်းကိုရောက်ရှိသွားပြီး အဲဒီကနေမှတစ်ဆင့် တုန်းဖုန်းပုပိုက်ဆီကိုရောက်သွားခဲ့တာဖြစ်ပါတယ်။ နေကြာသိုင်းကျမ်းဟာ မိန်းမစိုးတစ်ယောက်ဖန်တီးခဲ့တာဖြစ်တဲ့အတွက် ဒီသိုင်းပညာကိုကျင့်မယ်ဆိုရင်တော့ ဘယ်သူမဆို ကိုယ့်ရဲ့ယောကျ်ားဘဝကိုအပြီးတိုင်စွန့်လွှတ်မှသာကျင့်ရမှာဖြစ်ပါတယ်။ (သင်းကွပ်ပစ်မှပဲသိုင်းကျင့်နိုင်မှာပါ) အဲဒါကြောင့် နေလဂိုဏ်းကဂိုဏ်းချုပ် ရန့်အော်ရှင်းဟာ နေကြာသိုင်းကျမ်းကိုဖျက်ဆီးဖို့ကြိုးစားရင်း တုန်းဖုန်းပုပိုက်ရဲ့လုပ်ကြံမှုကိုခံခဲ့ရတာပါ။

ဖိရှဲ့ဓားကျမ်းဖြစ်ပေါ်လာပုံ

◼ တုယွမ်ဟာ ယွဲ့စုနဲ့ချိုက်ကျိဖုန်းတို့နဲ့အတူ နေကြာသိုင်းကျမ်းကိုပြည့်စုံအောင်ဖန်တီးရေးသားရင်း နေကြာသိုင်းကျမ်းကိုစွဲလမ်းသဘောကျလာခဲ့ပါတယ်။ တုယွမ်ဟာ နေကြာသိုင်းကျမ်းနဲ့ ၎င်းကိုယ်ပိုင်သိုင်းကွက်တွေကိုပေါင်းစပ်ပြီး ဖိရှဲ့ဓားကျမ်းဆိုတဲ့ သိုင်းပညာတစ်ခုကိုဖန်တီးပြီး သူ့ရဲ့သင်္ကန်းပေါ်မှာရေးသားထားခဲ့ပါတယ်။ (သိုင်းလောကစိန်ခေါ်သံဇာတ်လမ်းတွဲက ဖိရှဲ့ဓားကျမ်းကိုသင်္ကန်းစပေါ်မှာရေးသားထားကိုတွေ့ရမှာပါ။) နောက်ပိုင်းမှာ တုယွမ်ဟာ လူထွက်ပြီး လူနာမည် လင်ယွမ်တုဆိုပြီးခံယူလိုက်ကာ ဖိရှဲ့ဓားကျမ်းကိုကျင့်ပြီး သိုင်းလောကမှာကျက်စားပါတော့တယ်။ ဖိရှဲ့ဓားကျမ်းဟာ နေကြာသိုင်းကျမ်းကနေဆင့်ပွားဖန်တီးထားတဲ့သိုင်းကျမ်းဖြစ်တဲ့အတွက် နေကြာသိုင်းကျမ်းလိုပဲ သိုင်းကျင့်ဖို့အတွက် ယောကျ်ားဘဝကိုစွန့်လွှတ်ပြီး သင်းကွပ်ပစ်ဖို့လိုပါတယ်။ အဲဒါကြောင့် လင်ယွမ်တုဟာ ၎င်းရဲ့မျိုးဆက်တွေကို ဖိရှဲ့ဓားကျမ်းကိုလုံးဝမကျင့်ဖို့တားမြစ်ခဲ့တာ လင်ဖိန်ကျစ်လက်ထက်အထိပဲဖြစ်ပါတယ်။

◼ နေကြာသိုင်းကျမ်းကိုတော့ တုန်းဖုန်းပုပိုက်ကကျင့်ခဲ့ပြီး ဖိရှဲ့ဓားကျမ်းကိုတော့ ဟွာဆန်းဂိုဏ်းကဂိုဏ်းချုပ်ယွဲ့ပုချွင်နဲ့ လင်အိမ်ရဲ့မျိုးဆက် လင်ဖိန်ကျစ်တို့က ကျင့်ခဲ့နိုင်ပါတယ်။

Sub-Zero ရေးသည်။ 

(Google နှင့် မြန်မာဝူရှ Facebook Page များအား ကိုးကားရေးသားထားပါသည်)

Post a Comment

0 Comments