Chris Pratt ကို Superman: Legacy မှာ ပါဝင်စေချင်နေတဲ့ James Gunn
မေ ၉၊ ၂၀၂၃။
◼ ဇူလိုင် ၁၁၊ ၂၀၂၅ မှာ ရုံတင်ပြသမယ့် DC Studios ရဲ့ Superman ရုပ်ရှင်သစ် Superman: Legacy ကို DC Studios ရဲ့ ပူးတွဲစီအီးအိုတစ်ယောက်ဖြစ်တဲ့ ဒါရိုက်တာ James Gunn က ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာနေရာကနေ တာဝန်ယူရိုက်ကူးသွားမှာဖြစ်ပါတယ်။
◼ Marvel ရုပ်ရှင် Guardians of the Galaxy Vol.3 အပြီးမှာ James Gunn ဟာ Marvel Studios နဲ့ လမ်းခွဲကာ DC Studios မှာ DC ပရောဂျက်တွေကို ဖန်တီးတော့မှာဖြစ်ပါတယ်။ သို့ပေမယ့် James Gunn ဟာ ၎င်းရဲ့ Superman: Legacy မှာ Guardians of the Galaxy က သရုပ်ဆောင်တချို့ကိုပြန်လည်အသုံးပြုသွားမှာဖြစ်ကြောင်း James Gunn က လွန်ခဲ့တဲ့ရက်ပိုင်းကတည်းက ၎င်းရဲ့ Twitter မှာ အတည်ပြုခဲ့ပါတယ်။
◼ Superman: Legacy မှာ ပါဝင်မယ့် သရုပ်ဆောင်စာရင်းအတိအကျကိုတော့မသိရသေးပေမယ့် Superman ရဲ့ အိမ်ခွေးမွေးလေး Krypto ကို တွေ့ရမှာဖြစ်ကြောင်း James Gunn က The Toronto Sun သတင်းစာနဲ့အင်တာဗျူးတစ်ခုမှာ အခုလိုအတည်ပြုလာပါတယ်။
"အရေးကြီးသတင်းပေါ့ဗျာ။ Superman မှာ Krypto ဆိုတဲ့ဇာတ်ကောင်ပါလာမယ်ဗျ။"
◼ Superman: Legacy မှာ Krypto ပါဝင်မှာဖြစ်ကြောင်းအတည်ပြုခဲ့သလို Krypto ရဲ့ နေရာအတွက် သရုပ်ဆောင် Chris Pratt ကို ပါဝင်စေချင်ကြောင်း James Gunn က ကျီစားပြောဆိုလိုက်ပါတယ်။
◼ Chris Pratt ကို Krypto အဖြစ် သရုပ်ဆောင်စေချင်ကြောင်း James Gunn က The Toronto Sun နဲ့ အဆိုပါအင်တာဗျူးကနေတစ်ဆင့် Chris Pratt ကို အခုလိုကျီစားလိုက်ပါတယ်။
"Superman: Legacy မှာ မင်းကိုငါ Krypto the Superdog နေရာကနေ ထည့်လို့ရရင်ကောင်းမယ်။ ရိုက်ကွင်းမှာ motion capture လဲ လုပ်လို့ရတယ်၊ လေးဘက်ကုန်းပြီးလမ်းလျှောက်ပေါ့ကွာ၊ ဒါပေမယ့် မင်းစကားတော့ပြောလို့မရဘူး။"
◼ Chris Pratt ဟာ Universal ရဲ့ game ရုပ်ရှင် Super Mario Bros. မှာလည်း Mario နေရာကနေ အသံသရုပ်ဆောင်ခဲ့ဖူးပါတယ်။
◼ ခွေးလေး Krypto ဇာတ်ကောင် ကို Otto Binder နဲ့ Curt Swan တို့က ပူးတွဲဖန်တီးခဲ့တာဖြစ်ပြီး DC Comics ရဲ့ Adventure Comics #210 မှာ စတင်မိတ်ဆက်ခဲ့တာပါ။ Krypto ကို The Rock ရဲ့ DC League of Superpets animated ရုပ်ရှင်မှာ အဓိကနေရာကနေ ပြသခဲ့ဖူးသလို live-action အနေနဲ့ HBO Max ဇာတ်လမ်းတွဲ Titans မှာလည်း အနည်းငယ်ပြသခဲ့ဖူးပါတယ်။
◼ Superman: Legacy ဟာ Henry Cavill ရဲ့ Superman ကို ပြန်လည်အသုံးမပြုတဲ့ Superman ရုပ်ရှင်ဖြစ်တဲ့အတွက် အများစုကစိတ်ဝင်တစားစောင့်ကြည့်နေကြပါတယ်။
Ref: MovieWeb
Sub-Zero ရေးသည်။
0 Comments