Porpular

6/recent/ticker-posts

Jennifer Lopez ရဲ့ Netflix ရုပ်ရှင်သစ် The Mother

The Mother မှ ဇာတ်ဝင်ခန်းတစ်ခု

ပုံစာ - The Mother မှ ဇာတ်ဝင်ခန်းတစ်ခု

The Mother (2023) | အထင်အမြင်

မေ ၁၅၊ ၂၀၂၃။

◼ အဆိုတော်နဲ့သရုပ်ဆောင် Jennifer Lopez အဓိကသရုပ်ဆောင်ထားတဲ့ အက်ရှင်ရုပ်ရှင်သစ် The Mother ဟာ ပြီးခဲ့တဲ့ မေ ၁၂ ရက်ကပဲ Netflix မှာ စတင်ပြသနေပြီဖြစ်ပါတယ်။

◼ The Mother ရဲ့ ဇာတ်လမ်းကို Lovecraft Country ဇာတ်ညွှန်းဆရာမ Misha Green က ရေးသားပေးထားတာဖြစ်ပြီး Mulan ဒါရိုက်တာ Niki Caro က တာဝန်ယူရိုက်ကူးပေးထားတာဖြစ်ပါတယ်။

◼ ဇာတ်လမ်းသဘောကတော့ အဓိကဇာတ်ကောင် The Mother ဟာ လက်နက်မှောင်ခိုအရောင်းအဝယ်တစ်ခုကို FBI ဆီမှာ သတင်းပေးရာကနေ လက်နက်ပွဲစားတွေဘက်က လိုက်လာပြီး ရှင်းလင်းတိုက်ခိုက်ရာကနေ အစပြုထားပါတယ်။

◼ အက်ရှင်ဒရာမာအနေနဲ့ အဆင်ပြေပြီးကြည့်လို့ကောင်းတဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့ပထမပိုင်းမှာရော၊ ဒုတိယပိုင်းမှာပါ အချိတ်အဆက်မိမိနဲ့ ပရိသတ်ရဲ့အာရုံကို အထိုက်အလျောက်ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ ဇာတ်ကောင်တွေရဲ့စရိုက်သဘာဝကိုလည်း ပိပိရိရိပြသနိုင်ခဲ့ပေမယ့် supporting role တွေမှာ နည်းနည်းအားနည်းတာကိုတွေ့ရပါတယ်။ လက်နက်မှောင်ခိုသမားတွေရဲ့ဇာတ်ကောင်ကိုဖော့ထားပြီး နောက်ပိုင်းမှာမှ အကုန်ပြုံပြီးထည့်လာတာကတော့ နည်းနည်းလေးထင့်စရာပါပဲ။ ဒီထက်ပိုပြီး ဗီလိန်တွေကိုလုပ်ကွက်ပေးလိုက်ရင် ဇာတ်လမ်းဟာပိုပြီးခိုင်မာသွားမယ်လို့ထင်ပါတယ်။ ပေးထားတဲ့ခေါင်းစဥ်နဲ့ ဇာတ်လမ်းသဘောတရားကတော့ လိုက်ဖက်မှုရှိသလို အက်ရှင်ပြကွက်တွေမှာလည်း အက်ရှင်ကားတစ်ကားရဲ့ရှိသင့်ရှိထိုက်တာတွေပါလာတယ်လို့မြင်မိပါတယ်။ 

◼ အမေနဲ့သမီးဖြစ်သူရဲ့ဆုံတွေ့တဲ့ပုံစံက နည်းနည်းလေးမြန်နေသလိုထင်ရပေမယ့် နောက်ပိုင်းမှာပြသထားတဲ့ဇာတ်လမ်းသဘောအရနဲ့ပြန်ထောက်မယ်ဆိုရင် အဆင်ပြေတယ်လို့ပြောရမှာပါ။ Kill Bill နဲ့ Taken ရဲ့ ဇာတ်လမ်းသဘောတရားလေးတွေကို နည်းနည်းစီနည်းနည်းစီမှီငြမ်းပြီးသုံးထားတာကိုလည်းတွေ့မိပါတယ်။ အက်ရှင်ကားတွေ၊ ဒရာမာတွေအကြည့်များတဲ့သူတွေကတော့ ဒုတိယပိုင်းအစမှာတင် ဇာတ်လမ်းရဲ့အဆုံးသတ်ကိုခန့်မှန်းမိနိုင်ပါလိမ့်မယ်။ ဒါကလည်း အမျိုးသမီးဇာတ်ညွှန်းဆရာတွေရဲ့ အားနည်းချက်လို့ပဲပြောရမလား၊ The Mother ဆိုတဲ့ နာမည်အတိုင်း ဇာတ်လမ်းကိုရေးသားတဲ့အခါမှာ မိခင်စိတ်ကိုပိုပြီးဖိရေးထားလို့ပဲလား ဆိုတာကတော့ ဝေခွဲမရပါဘူး။

◼ သရုပ်ဆောင်အပိုင်းမှာတော့ J Lo က ဒီဇာတ်ကောင်နဲ့လိုက်ဖက်မှုရှိတယ်လို့ထင်မိပါတယ်။ ဒီလိုကြမ်းတမ်းတဲ့ဇာတ်ကောင်ကို အတတ်နိုင်ဆုံးကြိုးစားထားတာကိုတွေ့မိပါတယ်။ ဒါပေမယ့် ဇာတ်လမ်းရဲ့လိုအပ်ချက်လား၊ ဒိုင်ယာလော့ခ်အားနည်းချက်လား မသိရပေမယ့် တချို့အပိုင်းတွေမှာ နည်းနည်းလေး over ဖြစ်သွားတယ်လို့မြင်မိပါတယ်။ ကျွန်တော်လို J Lo ပရိသတ်တွေကတော့ ဒီအားနည်းချက်တွေကိုအသာလေးဖုံးလိုက်နိုင်မှာပါ။ 

◼ VFX အပိုင်းတွေ၊ ပစ်ခတ်မှုအပိုင်းတွေ၊ ဖောက်ခွဲမှုအပိုင်းတွေမှာ Russo တွေရဲ့ The Gray Man နီးနီးလောက် ကောင်းမွန်တယ်လို့ပြောလို့ရပါတယ်။ Zoe ဇာတ်ကောင်နေရာက ကလေးသရုပ်ဆောင် Lucy Paez ကလည်း သူ့နေရာသူရအောင်ပြသနိုင်ခဲ့ပါတယ်။ 

◼ အနှစ်ချုပ်ပြောရရင်တော့ ဇာတ်လမ်းဟာရိုးရှင်းစွာပြသတည်ဆောက်ထားတယ်၊ အက်ရှင်ပိုင်းတွေမှာအပြစ်ဖို့စရာသိပ်မရှိဘူး၊ နာမည်နဲ့ဇာတ်လမ်းနဲ့လိုက်ဖက်တယ်၊ ပုံမှန်အက်ရှင်ကားတစ်ကားလိုသဘောထားပြီးကြည့်ရှူဖို့အဆင်ပြေတယ်၊ ဗီလိန်တွေသာပိုပြီးလုပ်ကွက်ရခဲ့မယ်ဆိုရင်တော့ ဒီထက်ပိုပြီးကောင်းသွားနိုင်တယ်လို့ပြောချင်ပါတယ်။

MVE Score: 6/10

Sub-Zero ရေးသည်။

Post a Comment

0 Comments