Ryan Gosling ရဲ့ The Fall Guy ဟာ နာမည်ကျော်မယ့် ရုပ်ရှင်တစ်ကားဖြစ်လာမလား
မေ ၁၊ ၂၀၂၃။
"ရုပ်ရှင်အများစုမှာ စတန့်သမားတွေက အလုပ်တွေ အားလုံးကို အကုန်တာဝန်ယူပြီးလုပ်ရပေမယ့်လည်း သရုပ်ဆောင်တွေကပဲ နာမည်ကောင်း ရသွားကြတယ်။ ဒီနေ့မှာတော့ ဒီအဖြစ်အပျက်တွေက ပြီးဆုံးသွားပါပြီ။ "
◼ ဒီစကားကို Ryan Gosling က CinemaCon 2023 ပွဲတော်မှာ ပြောကြားခဲ့တာပါ။
◼ အမေရိကန်နိုင်ငံ၊ Las Vegas မြို့က Caesars Palace ဟိုတယ်မှာ National Association of Theatre Owners က ဦးစီးပြီး ဧပြီ ၂၄ ရက်နေ့ကမေအ ၂၇ ရက်နေ့ထိ ကျင်းပခဲ့တဲ့ CinemaCon 2023 ပွဲတော်မှာ မကြာမှီ ထွက်ရှိတော့မယ့် ရုပ်ရှင် အများအပြားကို စတူဒီယိုအသီးသီးက မိတ်ဆက်ခဲ့ပြီး ထုတ်လုပ်သူတွေကလည်း သူတို့ရဲ့ မျှော်မှန်းချက်တွေကို ကိုယ်စီ ကိုယ်စီ ချပြခဲ့ကြပါတယ်။
◼ အဲဒီရုပ်ရှင်ကားတွေထဲမှာ မတ် ၁၊ ၂၀၂၄ မှာ ရုံတင်ပြသသွားမယ့် Ryan Gosling, Emily Blunt နဲ့ Aaron Taylor-Johnson တို့ အတူတူပါဝင်သရုပ်ဆောင်ထားတဲ့ "The Fall Guy" ရုပ်ရှင်လည်း အပါအဝင်ဖြစ်ပါတယ်။
◼ The Fall Guy ဟာ ဟောလိဝုဒ်က စတန့်သမားတစ်ယောက်ရဲ့ ကြုံရဆုံရ ဘဝအကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး ရုပ်ရှင်လောကမှာ မြင်တွေ့ရခဲ့တဲ့ ဇာတ်လမ်းအမျိုးအစားလို့ ပြောရင် မမှားပါဘူး။
◼ The Fall Guy ရုပ်ရှင်ရဲ့ ဖန်တီးရှင် ဒါရိုက်တာ David Leitch ကလည်း စတန့်သမားဟောင်းတစ်ယောက်ဖြစ်ပြီး သူ့အနေနဲ့ ပရော်ဖက်ရှင်နယ် စတန့်သမားတွေရဲ့ ဘဝအကြောင်းကို ဖော်ကျူးတဲ့ ရုပ်ရှင်တစ်ကား ဖန်တီးနိုင်ဖို့ စိတ်လှုပ်ရှားနေခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။ စတန့်သမားတွေက အသက်စွန့်ပြီး စွန့်စွန့်စားစား အလုပ်လုပ်ကြပေမယ့် လူသိနည်းတဲ့အပြင် သူကလည်း စတန့်သမားတစ်ယောက် ဖြစ်ဖူးတာမလို့ ဒီအကြောင်းအရာတွေက သူနဲ့ အကျွမ်းတဝင်ရှိတယ်လို့ ဆိုပါသေးတယ်။
◼ အမှန်တကယ်ကတော့ The Fall Guy ရုပ်ရှင်ဟာ ၁၉၈၁ ခုနှစ်ကနေ ၁၉၈၆ ထိ ထုတ်လွှင့်ခဲ့ပြီး Season (၅) ခုထိ ရှိတဲ့ ABC ရုပ်သံလိုင်းရဲ့ နာမည်တူ The Fall Guy တီဗွီဇာတ်လမ်းတွဲကို Remake ရိုက်ကူးထားတာပါ။
◼ မူလ The Fall Guy မှာ အထင်ကရ သရုပ်ဆောင်တွေဖြစ်တဲ့ Lee Majors, Douglas Barr နဲ့ Heather Thomas တို့ ပါဝင် သရုပ်ဆောင်ခဲ့ပြီး ၁၉၈၀ ခုနှစ်များဆီက နာမည်ကျော်ဇာတ်လမ်းတွဲဖြစ်ပြီးတော့ ကြိုက်နှစ်သက်သူ များပြားခဲ့တဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲလည်း ဖြစ်ပါတယ်။
◼ မူလ ဇာတ်လမ်းတွဲရဲ့ ဇာတ်လမ်းအကျဥ်းက Lee Majors သရုပ်ဆောင်ထားတဲ့ Colt Seavers ဇာတ်ကောင်က က ဟောလိဝုဒ်က စတန့်သမားဖြစ်ပြီး သူက နောက်ပိုင်းမှာ သူ့ရဲ့ ကိုယ်ကာယ ကြံ့ခိုင်မှုနဲ့ စတန့်အကွက်တွေကို အသုံးပြုပြီး တရားခံပြေးတွေနဲ့ လူဆိုးတွေကို လိုက်ဖမ်းတဲ့အကြောင်း ရိုက်ကူးထားတာပါ။
◼ ဒါပေမယ့် ၂၀၂၄ မှာ ထွက်ရှိမယ့် Remake ရုပ်ရှင် The Fall Guy ရုပ်ရှင်က ရိုက်ကူးရေးခွင်ထဲရောက်ဖို့ ဆယ်စုနှစ်နီးပါး ကြာမြင့်ခဲ့တဲ့အပြင် မူလဇာတ်လမ်းနဲ့လည်း တူညီမှုရှိမှာ မဟုတ်ဘူးလို့ သိရပါတယ်။
◼ Remake ရဲ့ ဇာတ်လမ်းကတော့ ကျောရိုးကျိုးခဲ့တာကြောင့် ရည်းစားနဲ့ကွဲခဲ့တဲ့အပြင် သူ့ရဲ့ ရွှေခေတ်ကို ပြန်တမ်းတနေတဲ့ စတန့်သမားတစ်ယောက်ကို မြင်တွေ့ရမယ်လို့သိရပါတယ်။ ဖြစ်ချင်တော့ သူအရင်က double-stunt လုပ်ပေးခဲ့ရတဲ့ မင်းသားတစ်ယောက်ရဲ့ ရုပ်ရှင်တစ်ကားမှာပါဝင်ဖို့ခေါ်ခဲ့ပြီး ဒီမင်းသားက ရိုက်ကူးရေးလုပ်နေတုန်းမှာ ရုတ်တရက် ပျောက်ဆုံးသွားပါတယ်။ ပိုဆိုးတာက သူ ပါဝင်ရမယ့် ရုပ်ရှင်ကို ရိုက်ကူးသူက သူ့ရည်းစားဟောင်းဖြစ်နေပြီး ရုပ်ရှင်ဖြစ်မြောက်ဖို့ တာဝန်က စတန့်သမားအပေါ် ပုံကျလာတဲ့အကြောင်း ဖြစ်တယ်လို့ သိရပါတယ်။
◼ စတန့်သမားနေရာမှာ Ryan Gosling က သရုပ်ဆောင်သွားမှာဖြစ်ပြီး ပျောက်သွားတဲ့ မင်းသားနေရာမှာတော့ Aaron Taylor-Johnson ၊ စတန့်သမားရဲ့ ရည်းစားဟောင်းနေရာကိုတော့ Emily Blunt က သရုပ်ဆောင်သွားမှာပါ။
"ကျွန်တော့်အနေနဲ့ Lee Majors ရဲ့ ခြေရာကို နင်းခွင့်ရတာ များစွာ ဂုဏ်ယူရပါတယ်" လို့ Ryan Gosling က ပြောခဲ့ပါသေးတယ်။
◼ The Fall Guy ကို မတ် ၁၊ ၂၀၂၄ မှာ ရုံတင်ပြသသွားမှာဖြစ်ပြီး ရုပ်ရှင်ဖန်တီးရာမှာ ပါဝင်ခဲ့တဲ့သူတွေရဲ့ စကားအတိုင်း ဒီရုပ်ရှင်က စတန့်သမားတွေကို တကယ် ကိုယ်စားပြုမလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။
Loki ရေးသည်။
0 Comments