Porpular

6/recent/ticker-posts

လူဆိုသည်မှာ မရှိသင့်ဆုံးသောသက်ရှိသတ္တဝါ (First They Killed My Father)

လူဆိုသည်မှာ မရှိသင့်ဆုံးသောသက်ရှိသတ္တဝါ (First They Killed My Father)


အတွေးအမြင် | ဧပြီ ၁၀၊ ၂၀၂၃။

◼ သရုပ်ဆောင် Angelina Jolie ဒါရိုက်တာလုပ်ပြီးရိုက်ကူးထားတဲ့ ၂၀၁၇ ထုတ် Netflix ကမ္ဘောဒီးယားရုပ်ရှင် First They Killed My Father ကို ကြည့်ပြီး ရုတ်တရက်ခေါင်းထဲမှာတွေးမိတဲ့အတွေးတစ်စကတော့ "ကမ္ဘာပေါ်မှာ လူဆိုတဲ့သက်ရှိတွေမရှိတော့ရင် ဘယ်လောက်များငြိမ်းချမ်းသွားမလဲ" ဆိုတာပါပဲ။ ကမ္ဘောဒီးယားနိုင်ငံရဲ့ လူဦးရေလေးပုံတစ်ပုံကိုသတ်ဖြတ်ခဲ့တဲ့ Khmer Rouge ခေါ် ခမာနီတွေရဲ့လက်ထက်မှာ ဒုက္ခတွေကြုံခဲ့ရတဲ့ ကမ္ဘောဒီးယားနိုင်ငံသားတွေရဲ့အဖြစ်အပျက်တွေကို The Killing Fields ပြီးရင် ဒီရုပ်ရှင်ဟာ အကောင်းဆုံးပုံဖော်ပေးထားတာကိုတွေ့ရပါတယ်။

◼ တက်ကြွလှုပ်ရှားသူတစ်ဦးလဲဖြစ်တဲ့ စာရေးဆရာမ Loung Ung ဟာ ခမာနီတွေကြောင့် ဒုက္ခတွေခံစားခဲ့ရခဲ့တဲ့လူတစ်ယောက်ဖြစ်ပါတယ်။ သူကြုံခဲ့ရတဲ့အဖြစ်အပျက်တွေကို First They Killed My Father ဆိုတဲ့ စာအုပ်ထဲမှာ ရေးသားဖော်ပြထားတာဖြစ်ပြီး ဒီစာအုပ်ကို Angelina Jolie က ရုပ်ရှင်အဖြစ် ပုံဖော်ပြသထားတာဖြစ်ပါတယ်။

◼ ခမာနီတွေရဲ့အတင်းအကြပ်ရွှေ့ပြောင်းမှု၊ အလုပ်ကြမ်းခိုင်းစေမှုနဲ့ ကလေးစစ်သားစုဆောင်းမှုတွေကြောင့် မိဘတွေကိုဆုံးရှုံးခဲ့ရတဲ့ ငါးနှစ်အရွယ်မိန်းကလေးငယ်တစ်ယောက်ရဲ့ ဖြတ်သန်းခဲ့ရတဲ့အဖြစ်အပျက်တွေ၊ ကြုံခဲ့ရတဲ့ရက်စက်မှုတွေကို ကလေးတစ်ယောက်ရဲ့ရှုထောင့်ကနေ ပြသထားတဲ့ စစ်ပွဲနောက်ခံရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ကလေးတစ်ယောက်အမြင်မှာကြုံတွေ့ရတဲ့ဒီလောကကြီးက ဘယ်လောက်တောင်ကြောက်စရာကောင်းနေမလဲ။

◼ Pa ဟာ ခမာနီတွေရဲ့အတိုက်အခံတပ်ဖြစ်တဲ့ Khmer National Armed Force ရဲ့ အရာရှိတစ်ယောက်ဖြစ်တယ်၊ Ma ဟာ Pa ရဲ့ ဇနီးသည်ဖြစ်ပြီး သူတို့လင်မယားမှာ Loung Ung အပါအဝင် သားသမီး ၇ယောက်ရှိပါတယ်။ ခမာနီတွေ ဖနွမ်ပင်ကိုသိမ်းသွားတဲ့အခါမှာ ဖနွမ်ပင်မြို့ပေါ်ကလူတွေကို ခမာနီတွေက အမေရိကန်တွေဗုံးကြဲမယ်ဆိုတာကိုအကြောင်းပြပြီး မြို့ပေါ်ကလူတွေအကုန်လုံးကို တောဘက်ကိုအတင်းအကြပ်ရွှေ့ပြောင်းလိုက်ကြပါတယ်။ 

◼ တစ်ကိုယ်ရေတစ်ကာယပစ္စည်းတွေ၊ အနောက်နိုင်ငံထုတ်ပစ္စည်းအသုံးအဆောင်တွေ၊ တန်ဖိုးကြီးနာရီတွေ၊ ရွှေငွေလက်ဝတ်ရတနာနဲ့ပိုက်ဆံတွေ၊ ပြင်သစ်ထုတ်ဆေးဝါးတွေအကုန်လုံးကို လမ်းမှာ ထားခဲ့ရပါတယ်။ တချို့ပစ္စည်းတွေကိုတော့ ခမာနီတွေကိုယ်တိုင်လုယူထားကြတာကိုလည်းတွေ့ရပါတယ်။ နိုင်ငံခြားဘာသာစကားတတ်သူတွေ၊ ပညာတတ်လူတန်းစားတွေ၊ မျက်မှန်တပ်သူတွေဟာ ခမာနီတွေအတွက် ရန်သူတွေပါပဲ။ လမ်းမှာ ခမာနီစစ်သားတစ်ယောက်က Pa ကို ပြင်သစ်စကားနဲ့ပြောပြီး စကားနှိုက်ကြည့်နေတဲ့အခန်းမှာ ဒီအကြောင်းအရာတွေကိုပုံဖော်ပြသထားတာကိုတွေ့ရပါတယ်။

◼ ခမာနီတပ်ရဲ့ ဝါဒဖြန့်မှုတွေ၊ အတွေးအခေါ်အယူအဆတွေ၊ လူတွေရဲ့စိတ်ထဲကို ဗီယက်နမ်တပ်တွေကိုသတ်ဖြတ်ပစ်ဖို့ မှိုင်းတွေရိုက်သွင်းပစ်နေတဲ့အပြုအမူတွေက Loung အတွက်တော့ ဘာမှနားလည်နိုင်စရာမရှိတဲ့စကားသံတွေအပြုအမူတွေပါပဲ။ Loung ရဲ့ အမြင်မှာတော့ လူတွေအချင်းချင်းဖိနှိပ်သတ်ဖြတ်နေတာ၊ ရှိတဲ့အိမ်လေးကိုစွန့်ခွာပြီး နေရာတစ်ခုမှာနှိပ်စက်ခံနေရတယ် လို့ မြင်နေရတာပါပဲ။ 

◼ The Killing Fields, Hotel Rwanda နဲ့ The Pianist လို ကြည့်လေကြည့်လေ မွန်းကြပ်မှုကိုဖြစ်ပေါ်လာစေပြီး အတွေးကိုနယ်လွန်စေတဲ့ရုပ်ရှင်တစ်ကားလို့တောင် ပြောလိုက်ချင်ပါတယ်။ Loung တစ်ယောက် ထွက်ပြေးလာရင်းကနေ ခမာနီလူသစ်စုဆောင်းရေးဘက်ကိုရောက်သွားပြီး ကလေးစစ်သားအဖြစ်လေ့ကျင့်ခံနေရတာ၊ မြေမြှုပ်မိုင်းတွေကိုထောင်နေရတာတွေ၊ သူတို့ထောင်ခဲ့တဲ့မိုင်းကွင်းထဲကို သူတို့ပြန်ဖြတ်ပြေးနေရတာတွေ စတဲ့ အရွယ်နဲ့မလိုက်အောင်ခံခဲ့ရတဲ့ဒုက္ခတွေဟာ လက်တွေ့ဘဝကြီးမှာ တကယ်ဖြစ်ခဲ့တဲ့၊ တကယ်ဖြစ်ပျက်နေတဲ့ မလှပတဲ့ဖြစ်ရပ်တွေပါပဲ။

◼ ခမာနီစစ်ချီတေးဟာ လူတွေအတွက် ငရဲတေးသံတွေ၊ ခမာနီကြွေးကြော်သံတွေဟာ Loung အတွက် ငရဲကမကောင်းဆိုးဝါးတွေရဲ့မာန်ဖီသံတွေအလားပါပဲ။

◼ ဒီရုပ်ရှင်ဟာ Angelina Jolie ကို ဒါရိုက်တာအရည်အချင်းနဲ့ပြည့်စုံတဲ့သူ၊ ဆိုလိုရင်းကိုထင်ဟပ်အောင်ပြသပေးနိုင်တဲ့သူလို့ ဖော်ထုတ်ပေးလဲ့တဲ့ရုပ်ရှင်တစ်ကားလည်းဖြစ်သလို ၁၉၇၅ ကနေ ၁၉၇၉ ကာလ ခမာနီတွေရဲ့ရက်စက်မှုကိုထင်ဟပ်စေတဲ့ရုပ်ရှင်တစ်ကားလည်းဖြစ်နေပါတယ်။

◼ အတင်းအကြပ်လုပ်အားပေးအခိုင်းခံရင်းနဲ့ လမ်းမှာတွေ့လာတဲ့ပိုးကောင်တွေကို ညဘက်လူအိပ်ချိန်မှာမှ ဒန်ပန်းကန်ပြားပေါ်တင်ပြီး ကင်စားကြရင်းနဲ့ ဆာလောင်မှုကိုဖြေ​ဖျောက်ရတဲ့မိသားစုတစ်စု။

◼ စိုက်ခင်းထဲကသီးနှံတွေကို မိသားစုအတွက်ညဘက်မှာခိုးယူပေးရင်း ခမာနီစစ်သားတွေရဲ့သေနတ်ဒင်နဲ့အထုအနှက်ခံရတဲ့ ကလေးတစ်ယောက်။

◼ အတူတူထွက်ပြေးကြရင်း ကိုယ့်အဖော်တွေသေနတ်မှန်သွားတာကိုမြင်ခဲ့ရတဲ့ကလေးတစ်ယောက်။

◼ ဗီယက်နမ်တွေကိုသတ်ပစ် သတ်ပစ် လို့ ဟစ်ကြွေးနေတဲ့ ခမာနီကလေးစစ်သားတစ်ယောက်။

"တံတားပြင်ဖို့မင်းအကူအညီလိုတယ် ရဲဘော်၊ ငါတို့နဲ့လိုက်ခဲ့ပါ။"

လာခေါ်ကြတဲ့ ခမာနီစစ်သားနှစ်ယောက်မှာ တစ်ယောက်က ပုဆိန်ကိုခါးကြားမှာထိုးထားလျက်............

◼ ဒီရုပ်ရှင်အပြီးမှာ တွေးစရာကျန်နေရစ်ခဲ့တာက ကမ္ဘာပေါ်မှာလူတွေမရှိတော့ရင် လောကကြီးက သာယာလှပနေမှာလား၊ ဒါမှမဟုတ် လူဆိုတာဟာ ကမ္ဘာကြီးရဲ့အလှတရားနဲ့ မထိုက်တန်ဆုံးသတ္တဝါတွေပဲလား။ 

McGarrett ရေးသည်။


Post a Comment

0 Comments